မြန်မာပိုင်နက်အတွင်း ငါးဖမ်းသည့် ရေလုပ်သားသုံးဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းဘက်က ဖမ်းဆီးထား

0
769

ကော့သောင်းမြို့နယ်၊ ယမုံနာရွာ အနီးတွင် ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းဆီး နေသည့် ယမုံနာရွာသား သုံးဦးကို နယ်စပ် ဖြတ်ကျော် ငါးဖမ်းဆီးနေသည်ဟု ဆိုကာ ထိုင်းစစ်တပ်မှ ဧပြီလ ၁၉ ရက်က လာရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယင်းနေ့ နံနက်ပိုင်းက ယမုံနာရွာ အပြင်ဘက် (ဒေသအခေါ်)လူသတ်ကျွန်း အနီးတွင် ရွာသား ၄ ဦး ကျားပါးစပ်ပိုက် ပိုက်ဖော် ပိုက်ချပြုနေစဉ် ထိုင်းစစ်သား များက ကင်းလှည့်ရေယာဉ်ဖြင့် လာ ရောက် ဖမ်းဆီးရာ ၃ ဦး ဖမ်းဆီမိ ပြီး တစ်ဦးမှာ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

အဖမ်းခံရသူများ၏ မိသားစုဝင်များ က ဧပြီလ ၂၄ ရက်တွင် ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် အကူအညီတောင်းခံသဖြင့် ကွင်းဆင်း ကြည့်ရှုရာ အဖမ်းခံရသည့် ရွာသားများ ကျားပါးစပ် ပိုက်ထောင်ပိုက်ချ ပြုလုပ် ငါးဖမ်းသည့်နေရာမှာ မြန်မာအပိုင်ဘက် ခြမ်းတွင် ရှိနေသည်ကို တွေ့ရကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြော သည်။

“လူသတ်ကျွန်းက မြန်မာနိုင်ငံက ပိုင်တယ်၊ လူသတ်ကျွန်းကနေ မြောက်(မြန်မာနိုင်ငံပိုင်ရေပိုင်နက်ဘက်) ပေ ၂၀၀ မှာ ၀င်ဖမ်းသွားတာ။ သူ့နိုင်ငံ ရေပိုင်နက် ကျော်တယ်ဆိုပြီးတော့ ၀င်ဖမ်း သွားတာ”ဟု ဦးနေဦးက ပြောသည်။

ယင်းကိစ္စအား နှစ်နိုင်ငံပူးပေါင်းဖွဲ့ စည်းထားသည့် မြို့နယ်အဆင့် နယ်ခြား ကော်မတီ(TPC)၏ ဧပြီ ၂၆ ရက် အစည်း အဝေးတွင် ထည့်သွင်းဆွေးနွေးကာ ပြန် လွှတ်ပေးရန် တောင်းဆိုထားသော်လည်း ထိုင်းဘက်မှ ယခုထိ ပြန်မလွှတ်ပေးသေး ဟု ခရိုင်အုပ်ချုပ်ရေးမှူးက မေလ ၁၀ ရက်က ပြောသည်။

ဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲထားပြီး အပြစ်ရှိသည်ဟု အမိန့်ချ မှတ်ပါက ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေဒဏ် ထိုင်းဘတ်  ၆ ထောင်  ဒဏ်ဆောင် ရမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Dawei Watch