ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် ရုပ်ရှင်သရုပ်ဆောင်အသင်း ဘောလုံးကန်မည်

0
567

ထားဝယ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် အသင်းနှင့် Actor Star အနုပညာကြယ်ပွင့် ရုပ်ရှင်သရုပ်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးကန်မည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

မေလ ၁၉ ရက် ညနေ ၄ နာရီတွင် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်း၌ ကန်မည်ဖြစ်ကြောင်း ယင်း ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။

Actor Star အသင်းတွင် ရုပ်ရှင်သရုပ်ဆောင် နှင့် အဆိုတော်များ အပါအ၀င် အနုပညာရှင် ၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

Actor Star အသင်းနှင့် ထားဝယ် ခရိုင်အတွင်းရှိ ကစားသမားများကို ဖိတ်ခေါ်ကာ ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်အသင်းအနေဖြင့် ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကြည်ရှိန်က ပြောသည်။

“သူတို့နဲ့ လိုက်ဖက်တဲ့ အရည်အချင်းရှိတဲ့ အသက် အရွယ်တွေကိုရွေးပြီး အသင်းတစ်သင်းဖွဲ့ပြီး ကန်မယ်၊ ရုပ်ရှင်အဖွဲ့က အလယ်အလတ် နာမည်ကြီး ရုပ်ရှင် မင်းသားတွေပါမယ်၊ အဆိုတော်တွေလည်းပါမယ်”ဟု ဦးကြည်ရှိန်က ဆိုသည်။

ထားဝယ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ရန်ပုံငွေ ရှာဖွေရန်အတွက် ယင်းချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ပြီး လက်မှတ် တစ်စောင်လျှင် ၃၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်အဖြစ် ယာယီသတ်မှတ် ထားကြောင်း  မြို့နယ်ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ဖျော်ဖြေရေးအစီအစဉ်များကို မွန်းလွဲ ၂ နာရီ တွင် စတင်မည်ဖြစ်ပြီး မိုးယံဇွန်၊ သားဂန်း၊ နေဒွေး၊ ဘေဘီမောင်နှင့် စူးရှထက်တို့က တေးဂီတဖြင့် ဖျော်ဖြေ မည်ဖြစ်ကြောင်း တိုင်းအား/ကာ ထံမှ သိရသည်။

   မိုးမြင့်