အသက် ၁၇ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

0
627

တနင်္သာရီတိုင်းရှိ မြို့နယ်ပေါင်းစုံ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကို လာမည့် ဇွန်လ ၁၁ ရက်မှ ၂၅ ရက်အထိ ထားဝယ်မြို့ရှိ တိုင်းအားကစား ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

ယင်းပြိုင်ပွဲတွင် မြို့နယ် ၁၀ မြို့နယ် နှင့် မြို့ ၃ ခုမှ အသင်းပေါင်း ၁၃ သင်း ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

“ဒီ ၁၃ သင်းထဲကနေပြီးတော့ လက်ရွေးစင်ကစားသမားတွေကို ပြန်ရွေးထုတ်ပြီးရင် ပြည်နယ်နဲ့တိုင်းပြိုင်ပွဲ မှာ သွားပြိုင်ရမယ်”ဟု ဦးမောင်မောင်မြင့်က ဆိုသည်။

ယမန်နှစ်က အသက် ၁၇ နှစ်အောက် ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင် ပွဲတွင် တနင်္သာရီတိုင်းမှ ဒုတိယဆု ရရှိခဲ့ သည်။

ယခုလာမည့် အသက် ၁၇ နှစ် အောက် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲကို လာမည့် စက်တင်ဘာလတွင် သွားရောက် ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

မြို့နယ်ပေါင်းစုံ အသက် ၁၇ အောက် ဘောလုံးပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ် ငါးသိန်း၊ ဒုတိယဆုအဖြစ် ငွေကျပ် သုံးသိန်းနှင့် အကောင်းဆုံး ကစားသမားဆု ၅ဆု အတွက် တစ်ဆုလျှင် ကျပ်နှစ်သောင်းစီချီးမြှင့်မည်ဖြစ်ကြောင်း တိုင်းအား/ကာထံမှ သိရသည်။

မိုးမြင့်