တိုင်ကြားခံထားရသည့် ထားဝယ်တက္ကသိုလ် ဓာတုဗေဒ ဌာနမှူးကို စာဖြင့်သတိပေး

0
676

ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တိုင်ကြားထားသည့် ဓာတုဗေဒ ဌာနမှူး ဒေါက်တာမျိုးမျိုးမြတ်ကို အဆင့် မြင့် ပညာဦးစီးဌာနက စာဖြင့်သတိပေးလိုက်ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသတိပေးစာကို ထားဝယ် တက္ကသိုလ်သို့ ဧပြီလ တတိယအပတ်က ပေးပို့ခဲ့ကြောင်း ထားဝယ်တက္ကသိုလ်မှ အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဓာတုဗေဒက ဆရာမ(ဌာနမှူး)ကိုတော့ စာဖြင့်သတိပေးသည်လို့ပဲ စာထွက်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဓာတုဗေဒဌာမှူး၏ အပြုအမူ၊ အပြောအဆိုတို့ကြောင့် ဌာနအတွင်းရှိ ၀န်ထမ်းအချို့မှာ လုပ်ငန်းခွင်တွင် မပျော်ရွှင် တော့ခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အနှောင့်အယှက် ဖြစ်လာခြင်း များရှိသည်ဟုဆိုကာ ထားဝယ် တက်္ကသိုလ်ကျောင်းသားများသမဂ္ဂက ယခုနှစ် ဇန်န၀ါရီလ ၉ ရက်က ပညာရေး ၀န်ကြီးဌာန အပါအ၀င် ပညာရေးနှင့် ဆိုင်သည့် အဖွဲ့အစည်းများထံ တိုင်ကြားခဲ့ သည်။

ယင်းလ ၂၃ ရက်တွင် ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ်ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးက ယင်းဌာနမှူးကို ထားဝယ်တွင် လာရောက်စစ်ဆေးခဲ့ပြီး သုံးလခန့် အကြာတွင် အဆင့်မြင့်ပညာ ဦးစီးဌာနက ယင်းကဲ့သို့ စာဖြင့်သတိပေးလိုက်ခြင်း ဖြစ်သည်။

“စစ်ဆေးတာတွေလုပ်ပြီးနောက်ပိုင်း ဆရာမရဲ့အပြုအမူတွေက အရင်ကလို မဟုတ်တော့ဘူး။ ပြောင်းလဲမှုတွေ ရှိလာတယ်။ ဒီလိုစာနဲ့အရေးယူလိုက်တာဆိုလည်း ကျေနပ်မှုတော့ ရှိပါတယ်” ဟု တိုင်ကြားရာတွင်ပါဝင်သည့် ကျောင်းသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ စာဖြင့် သတိပေးအရေးယူကြောင်း အကြောင်းကြားစာကိုမူ တိုင်ကြားခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို အသိပေးခြင်းမရှိကြောင်း ယင်းကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ကျော်သူစိုး