လုပ်ဖော်ကိုင်ဖက်အား ဓားဖြင့် ခုတ်သတ်သူ နှစ်လခန့်အကြာတွင် ရဲစခန်းသို့ လာအဖမ်းခံ

0
466

ကော့သောင်းမြို့နယ်တွင် လုပ်ဖော်ကိုင်ဖက်အား ဓားဖြင့် ခုတ်သတ်ခဲ့သည့် အမျိုးသားတစ်ဦးသည် နှစ်လခန့်အကြာတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ချောင်းဖျားကြီးကျေးရွာ ဆီအုန်းတောအတွင်း ၀ါးခုတ်လုပ်ငန်းအတူ လုပ်ကိုင်သည့် အမျိုးသားနှစ်ဦးသည် မတ်လ ၁၈ ရက်က ထမင်းမချက်သည့် ကိစ္စဖြင့် စကားများခဲ့ပြီး အဖော်ဖြစ်သူ အမျိုးသားကို အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားကောက်ဖြင့် ခုတ်သတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်း အရ သိရသည်။

လုပ်ဖော်ကိုင်ဖက်အမျိုးသားက ၀ါးခုတ်သည့် ဓားကောက်ဖြင့် ခုတ်ရန် ပြင်သည့်အချိန်တွင် ယင်းဓားကို လုကာ ပြန်ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု လာရောက် ထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဓားကောက်ဖြင့် ခုတ်သတ်ခဲ့သည့် အမျိုးသားသည် မေလ ၆ ရက်က ကော့သောင်းမြို့မရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဓားဖြင့် ခုတ်သတ်ခဲ့သည့် အမျိုးသား ကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂(လူသတ်မှု)ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

Dawei Watch