ဘုတ်ပြင်းတွင် ကျေးရွာနှစ်ဆယ်ခန့် တောဆင်ရိုင်းခြိမ်းခြောက်မှု ကြုံနေရ

0
737

ကော့သောင်းခရိုင်ရှိ ဘုတ်ပြင်းမြို့နယ်တွင် အနည်းဆုံး ကျေးရွာနှစ်ဆယ်ခန့် မှာ တောဆင်ရိုင်းခြိမ်းခြောက်မှု အန္တရာယ် နှင့်ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အပြည်ပြည်ဆိုင်ရာ သစ်ပင်နှင့် သားငါးတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ FFI ထံမှ သိရသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျေးရွာ ၄၀ ခန့်တွင် FFI ၏ ကွင်းဆင်း သုတေသနပြုချက်အရ ဘုတ်ပြင်းမြို့နယ် တွင် တောဆင်ရိုင်းများနှင့် အနီးဆုံး ကျေးရွာ ၂၀ ခန့်ရှိနေပြီး ကျေးရွာ ၁၆ ရွာ မှာ တောဆင်ရိုင်းများ၏ ခြိမ်းခြောက်မှု အန်္တရာယ်ကို ကြုံတွေ့နေရသည်ဟု FFI အဖွဲ့မှ တနင်္သာရီစီမံကိန်းမန်နေဂျာ ဒေါက်တာနေမျိုးရွှေက ပြောသည်။

“အဲဒီရွာတွေအနီးက ဖြတ်သွားတယ်၊ သီးနှံစိုက်ခင်းတွေ ပျက်စီးတယ်။ ခုဆိုရင် လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာနေ တယ်”ဟု ဒေါက်တာနေမျိုးရွှေက ပြော သည်။

တောဆင်ရိုင်းများသည် ရာသီအလိုက် ပြောင်းရွှေ့နေထိုင်ကြပြီး သစ်တောများ ခုတ်ထွင်မှုကြောင့် စားကျက်များ ပျက်စီး လာသည့်အပြင် ၎င်းတို့သွားသည့်လမ်းများ ဖြတ်တောက်ခံရသလိုဖြစ်ကာ ရွာအတွင်း သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

လူနေသည့်ရွာအနီးသို့ တောဆင်ရိုင်း များ ရောက်လာသည့် အဓိကအချက်သည် သစ်တောများ အလွန်အကျွံ ခုတ်ထွင်မှု ကြောင့် ဆင်စားကျက်များ ပျောက်ဆုံးကာ ရောက်ရှိလာခြင်းဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင်အား အဓိကထိန်းသိမ်းရန် လိုအပ်နေကြောင်း ဘုတ်ပြင်းမြို့နယ် ဒေသခံ ဦးဇော်ချစ်ဦး ကပြောသည်။

“နောက်ထပ်တိုးချဲ့ပြီး သစ်ပင်တွေမခုတ် လာနိုင်အောင် ထိန်းသိမ်းပေးမှ အဆင်ပြေ မယ်၊ မဟုတ်ရင် ဆင်နဲ့လူပဋိပက္ခက ဒီထက် ပိုကြီးလာဖို့ရှိတယ်” ဟု၎င်းက ပြောသည်။

တောဆင်ရိုင်းခြိမ်းခြောက်မှုအန္တရာယ် သည် ရွာများတွင်သာမက ကားလမ်းမကြီး ပေါ်အထိ ရောက်လာကာ ပြီးခဲ့သည့် တစ်ပတ်ခန့်က ဘုတ်ပြင်းမြို့နယ်ဗိုဒါးကျေးရွာအနီး တောဆင်ရိုင်းအုပ်စုအား ရှောင်မိသည့် ကားတစ်စီး ချောက်ထဲထိုး ကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သောင်းခရိုင်အတွင်း ၂၀၁၈ ခုနှစ် မှ  ယခုအချိန်ထိ တောဆင်ရိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၃ ဦးအထိရှိလာ နေပြီး ယင်းပြဿနာအား ပေါ့ပေါ့ဆဆ သတ်မှတ်ထား၍ မရတော့ဟု ဒေါက်တာ နေမျိုးရွှေက ဆိုသည်။

ဘုတ်ပြင်းမြို့နယ် သစ်တော်ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးသန်းလွင်ကမူ တောဆင်ရိုင်းများ အဓိက ခြိမ်းခြောက်ခံနေ ရသည့် ရွာများသည် ၎င်းတို့၏ မူလ သဘာဝအတိုင်း နေထိုင်လှည့်လည်သွား လာသည့်နေရာဖြစ်ပြီး လူတို့က ယင်းနေရာ များတွင် အခြေချနေထိုင်လာကြသည့် အတွက် ယင်းသို့ ပဋိပက္ခတချို့ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုဆိုသည်။

တောဆင်ရိုင်း ခြိမ်းခြောက်လာမှု နှင့်ပတ်သက်ပြီး လက်ရှိအချိန်၌  ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲများ၊ သတိပေးဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်နေကြောင်း ဦးသန်းလွင် ကဆို သည်။

ဘုတ်ပြင်းမြို့နယ်တွင် ဖြစ်ပေါ်နေသည့် တောဆင်ရိုင်းခြိမ်းခြောက်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မေလ ၄ ရက်က ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဆွေးနွေးပွဲကို ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ကြသည်။

လက်ရှိအချိန်၌ ရွာအနီးသို့ရောက်လာ သည့် တောဆင်ရိုင်းများအား စနစ်တကျ မောင်းထုတ်သည့် နည်းလမ်းနှင့် ဆောင်ရန် ရှောင်ရန်များအား ရွာပေါင်းဆယ်ရွာခန့် တွင် ပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး နောက် ထပ် ရွာများတွင်လည်း ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း FFI အဖွဲ့ထံ မှ သိရသည်။

ကိုဆန်း