မြိတ်နည်းပညာတက္ကသိုလ်ဧရိယာထဲပါသည့်မြေ တစ်ဧက ကျပ်သိန်းတစ်ရာနှုန်း နစ်နာကြေးပေးရန် သဘောတူ

0
435

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စုရှိ နည်းပညာတက္ကသိုလ်ကျောင်းဝင်း ဧရိယာထဲပါရှိနေသည့် မြေများအတွက် တစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် နစ်နာကြေးပေးရန် သဘောတူညီခဲ့ကြ သည်။

နည်းပညာတက္ကသိုလ်(မြိတ်) အစည်းအဝေးခန်းမတွင် မေလ ၉ ရက်က  ပြုလုပ်သည့်ကျောင်းစီမံအဖွဲ့များ၊ ကျောင်းသားများ သမဂ္ဂ၊ မြေစာရင်းဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း တို့နှင့် မြေပိုင်ရှင်တို့ တွေ့ဆုံဆွေးနွေးပြီး ယင်းကဲ့သို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

“အားလုံးခြုံပြီးတော့ တစ်ဧကကို သိန်းတစ်ရာ သတ်မှတ်တာပေါ့၊ အားလုံးလည်း သဘောတူပါတယ်”ဟု ဥယျာဉ်ခြံ ပိုင်ရှင် ဦးထင်ကျော်ဦးက ပြောသည်။

လက်ရှိ နည်းပညာတက္ကသိုလ်၏ ကျောင်းမြေ ဧရိယာ ၁၀၇ ဒသမ ၈၇ ဧကအား တစ်ဧကလျှင်(မြေပေါ်ပါ သီးပင်စားပင်များ အပါအ၀င်) ကျပ်သိန်းတစ်ရာနှုန်း သတ်မှတ်ခြင်း ဖြစ်သည်။

တစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းမှာ မြေယာများအတွက်သာဖြစ်ပြီး ယင်းမြေယာများပေါ်ရှိ နေအိမ် အဆောက်အအုံများအား ကာလတန်ဖိုးအလိုက် တွက်ချက် ပြီး ပေးလျော်မည်ဖြစ်ကြောင်း မြိတ်မြို့ နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်းဆည်းခံရသည့်မြေအတွက် နစ်နာကြေးနှင့် အဆောက်အအုံများ အတွက်ပါ ပေးလျော်မည့်အပြင် ကျောင်း ပိုင်မြေ၏ ဧက ၂၀ ခန့်အား စွန့်လွှတ်ပြီး အိမ်ရာကွက်များ ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာနတာဝန်ရှိသူ နှင့် ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ကျော်ကျော်လင်းတို့က ဆိုသည်။

ယင်းမြေကွက်များကို ပိုင်ဆိုင်မှု အထောက်အထား(မြေဂရမ်)များ ရရှိသည်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“မြေတွေက ဘိုးဘွားပိုင်မြေတွေပါ၊ မြေကွက်လည်းပြန်ပေးမယ် အိမ်တန်ဖိုးလည်း ပြန်ပေးမယ်ဆို ကျေနပ်ပါတယ်”ဟု မြေသိမ်း ဆည်းခံရသူတစ်ဦးဖြစ်သည့် ဒေါ်အေးအေးဝါက ပြောသည်။

မြေပိုင်ရှင်များနှင့် သက်ဆိုင်ရာဌာန တို့ သဘောတူညီမှုရရှိခဲ့သည့် တစ်ဧက ကျပ်သိန်းတစ်ရာနှုန်း ပေးရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန အဆင့်ဆင့်သို့ တင်ပြရမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပေးမည်ကိုမူ အတိအကျ မသိရသေးပေ။

လက်ရှိတွင် နေအိမ်အဆောက်အအုံ ၆၀ နီးပါးခန့်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မြိတ်) ဧရိယာ ၁၀၇ ဒသမ ၈၇ ဧကအား ၂၀၀၄ ခုနှစ် ခန့်က သိမ်းဆည်းခံခဲ့ရကြောင်း မြေသိမ်း ခံရသူများထံမှ သိရသည်။    

Dawei Watch