ဝါးပရိဘောဂသင်တန်းဖွင့်ရန် မြို့နယ်အချို့ကမ်းလှမ်း

0
606

ဝါးဖြင့် အိမ်ထောင်ပရိဘောဂပြုလုပ် နည်းသင်တန်းအားဖွင့်လှစ်ရန် တနင်္သာရီ တိုင်းအတွင်းရှိ မြို့နယ်အချို့က ကမ်းလှမ်း လာကြောင်း အစိမ်းရောင်ကွန်ရက်အဖွဲ့ထံမှ သိရသည်။

ကျွန်းစုနှင့် မြိတ်တွင် ၀ါးပရိဘောဂ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့် မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ အပြင် ဘုတ်ပြင်း၊ တနင်္သာရီနှင့် ထားဝယ် မြို့နယ်တို့ကပါ သင်တန်းဖွင့်ပေးရန် ကမ်းလှမ်းလာကြောင်း အစိမ်းရောင်ကွန်ရက် အဖွဲ့၏ နာယက ဦးမြင့်စိုးက ပြောသည်။

“တနင်္သာရီ၊ ချောင်းနှစ်ခွ၊ မြိတ်နဲ့ ထီးခီးဘက်ကပါ ကမ်းလှမ်းလာနေကြ တယ်”ဟု ဦးမြင့်စိုးက ပြောသည်။

အစိမ်းရောင်ကွန်ရက်(မြန်မာ)အဖွဲ့မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိ အချိန်အထိ ကျွန်းစုမြို့နယ် ကတန်ကျေးရွာ အုပ်စုတွင် ၀ါးပရိဘောဂသင်တန်းနှစ်ကြိမ် ပေးခဲ့သည်။

သင်တန်းတွင် ၀ါးဖောက်စွပ်နည်း ပညာဖြင့် စားပွဲ၊ ထိုင်ခုံနှင့်စင်အမျိုးမျိုး သင်ကြားပေးခဲ့ပြီး အသေးစားလက်မှု ပစ္စည်း ပြုလုပ်နည်းများကိုလည်း အခြေခံ မှအစ ကုန်ချောထုတ်နိုင်သည့် အဆင့်ရောက် အောင် သင်ကြားပေးနေကြောင်း ၀ါးလက်မှု ပရိဘောဂပညာရှင် ဦးအောင်တေဇဖြိုးက ပြောသည်။

လက်ရှိတွင် မြိတ်မြို့နယ် မဇောကျေး ရွာအုပ်စု ခုံမော်အရှေ့ကျေးရွာတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့်ပူးပေါင်းပြီး သင်တန်းသား ၂၀ ဦးအား ၂ ပတ်အကြာ သင်တန်းပေးနေကြောင်း အစိမ်းရောင်ကွန်ရက်အဖွဲ့ထံမှ သိရသည်။

ကိုဆန်း