ကျွန်းစုနှင့် ကော့သောင်းရှိ စာသင်ကျောင်း ၁၅ ကျောင်း တင်ဒါလျှောက်သူမရှိ၍ မဆောက်ဖြစ်တော့

0
471

ကျွန်းစုနှင့် ကော့သောင်းမြို့နယ်ရှိ စာသင်ကျောင်း ၁၅ ကျောင်းဆောက်လုပ်ရန် တင်ဒါလာလျှောက်သူမရှိသဖြင့် မဆောက်ဖြစ်တော့ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ကျွန်းစုတွင် ၉ ကျောင်းနှင့် ကော့သောင်း တွင် ၆ ကျောင်းကို တင်ဒါလျှောက်ထား သူမရှိခဲ့ခြင်းကြောင့် မဆောက်ဖြစ်တော့ဘဲ ဧပြီလနောက်ဆုံးအပတ်က အခြေခံပညာ ဦးစီးဌာနသို့ လုပ်ငန်းပြန်အပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။

တင်ဒါလာလျှောက်သူမရှိသော ကျောင်းများကို နောက်တစ်ကြိမ် တင်ဒါ ထပ်ခေါ်ရန် တိုင်းအစိုးရက လမ်းညွှန် ခဲ့သော်လည်း တင်ဒါလုပ်ထုံးလုပ်နည်း အရ အချိန်တစ်လကြာမည်ဖြစ်ပြီး အခြေခံ ပညာဦးစီးဌာနမှ ပြန်အပ်မည့်လုပ်ငန်း ရှိပါက ပြန်အပ်ရန် ညွှန်ကြားလာသဖြင့် ပြန်အပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လာလျှောက်သူမရှိလို့ ပြန်အပ် လိုက်တာ၊ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကျရင် ပြန်တောင်းခံနိုင်တယ်ဆိုတော့ ၀န်ကြီး (တိုင်းလူမှု/စည်ပင်) ရဲ့လမ်းညွှန်မှုနဲ့ပဲ ပြန်အပ်ပေးလိုက်တာ။ ဘတ်ဂျက်ကတော့ သူတို့ ရုပ်သိမ်းချင်တဲ့ အချိန်မှရုပ်သိမ်း လိမ့်မယ်။ အခုလောလောဆယ်တော့ ပြန်မအပ်ခိုင်းသေးဘူး”ဟု ဒေါ်မြင့်စိန်က ဆိုသည်။

အထက်ပါ ကျောင်း ၁၅ ကျောင်း အနက် အန္တရာယ်ရှိနေသည့်အဆောင်အား ဖျက်သိမ်းကာ အသစ်ပြန်ဆောက်မည့် ကျောင်း ၇ ကျောင်း ပါဝင်သည်။

တင်ဒါဆွဲသူမရှိသဖြင့် လုပ်ငန်းပြန် အပ်ခြင်းမှာ ကလေးငယ်များအတွက်  များစွာနစ်နာကြောင်း ကျွန်းစုမြို့နယ်၊ ကံမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဦးက ပြောသည်။

ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင် ကျေးရွာရှိ အလက(ခွဲ) ကျောင်းသည် အန္တရာယ်ရှိသဖြင့် အသစ်ဆောက်လုပ်ရန် တင်ဒါခေါ်ခဲ့သည့် ကျောင်းဖြစ်ပြီး တင်ဒါ ဆွဲသူမရှိသဖြင့် လုပ်ငန်းပြန်အပ်ခြင်းခံရသည့် ကျောင်းများအနက် တစ်ကျောင်း အပါအ၀င် ဖြစ်သည်။

“ကျနေတဲ့ဘတ်ဂျတ်တစ်ခုကို ပြန်ပေးတာ ဒေသအတွက် နစ်နာတယ်။ ကလေးတွေရဲ့ပညာရေးနစ်နာတယ် နောက်မျိုးဆက် အတွက်။ အဆောက်အအုံ ကောင်းမှပဲ ဆရာ/မတွေလည်း ကလေး တွေကို စနစ်တကျသင်ကြားနိုင်မှာကိုး”ဟု ဦးဆန်းဦးက ဆိုသည်။

တင်ဒါဆွဲမည့်သူမရှိပါက ခွင့်ပြုချက် ကျသည့်ဘတ်ဂျက်ဖြင့် ဒေသခံရပ်မိရပ်ဖ များပါဝင်သည့် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းကာ တည်ဆောက်သင့်သည်ဟု ဦးဆန်းဦးက အကြံပြုသည်။

တင်ဒါဆွဲသူမရှိခြင်းမှာ တင်ဒါ ခေါ်ယူရာတွင် မြို့ပေါ်နှင့် ကျွန်းစုရှိ လုပ်ငန်း များကို ငွေကြေးတစ်ပြေးညီ သတ်မှတ် ထားသည့်အတွက် လုပ်ငန်းရှင်များမှာ မြို့ပေါ်ရှိ လုပ်ငန်းများကိုသာ လုပ်ကိုင် လိုကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း မြိတ် အခြေစိုက် VSC ဆောက်လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာဦးမောင်အေးက ပြောသည်။

ကျွန်းစုရှိလုပ်ငန်းခွင်များသို့ လိုအပ်သည့် လုပ်ငန်းသို့ပစ္စည်းများကို လှေဖြင့် သယ်ယူပို့ဆောင်ရသည့်အတွက် အခက်အခဲ များရှိသည်ဟု ဦးမောင်အေးက ဆိုသည်။

“အခုခေတ်မှာ တည်ကော်တွေရှိတာ ပေါ့နော်၊ မိုးကာလတွေ ဘာတွေကျတော့ အဲဒီ ကျွန်းစုဘက်ခြမ်းကို ဆင်းစစ်တဲ့အခါ ကျတော့ လှိုင်းနဲ့လှေနဲ့ပင်ပန်းတဲ့အခါမှာ စပိဘုတ် သက်သက်ငှားရတဲ့အခါ ကျတော့ တစ်ခါငှားရင်ကို ၁၀ သိန်းလောက် ကုန်တဲ့ အခါကျတော့ သူတို့တွက်ခြေ သိပ်မကိုက်ဘူး၊ ဒါကြောင့် သိပ်မလုပ်ကြတာလို့ ထင်ပါ တယ်”ဟု ဦးမောင်အေးက ဆိုသည်။

ပညာရေးဦးစီးဌာနမှ စာသင်ကျောင်း ၄၃ ကျောင်းတွင် အဆောက်အအုံများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မြင့်မိုရ်(မြိတ်)၊ မိုးမြင့်