ဘိလပ်မဟာတန်းကျောင်းသား – ၁၃

0
1410

ရှူမက်ကာ ကောလိပ်တွင် တစ်ရက်တာ

မနက်စောစောမထတာကြာ၍ နည်းနည်းတော့ ခေါင်းမကြည်လှ။ ရထားချိန်က မနက် ၆ နာရီ ၃၄ မိနစ် ဆိုတော့ မနက်
၅ နာရီလောက်ကတည်းက ထလိုက်ရသည်။ ရေမိုးချိုး၊ မနက်စာစား၊ ဘူတာသွားချိန်တို့ဖြင့်ပါ ဆိုပါကထိုမျှ လောက်မှ တော်ကာကြမည် ဖြစ်သည်။

တကယ်တော့ရှူမက်ကာ ကောလိပ်သို့ ခရီးက ကြိုတင်စဉ်းစားထားသည် မဟုတ်။ ကပ်မှ စီစဉ်လိုက်ရခြင်း ဖြစ်သည်။
ရှူမက်ကာ ကောလိပ်၏ ဘွဲ့လွန်အတန်း တွေအကြောင်း တစ်ရက်တာ မိတ်ဆက် အစီအစဉ် သွားရန် ရုတ်တရက်အကြောင်းပေါ်လာသဖြင့် ထိုကောလိပ်သို့ ရောက်ရန် အကြောင်းဖန်လာခြင်း ဖြစ် သည်။

သဘာ၀၀န်းကျင်နှင့်ဂေဟစနစ်၊ လူမှုဝန်းကျင်အသစ်ကို ထူထောင်ရန် အတူတကွ သင်ယူတီထွင်ကြမည်ဆိုသည့် ပညာရေးနည်းသစ်၊လူမှု အဆောက်အဦ နည်းသစ်ကို တီထွင်ကျင့်သုံးရန် ရည်ရွယ် သော ရှူမက်ကာ ကောလိပ်မှာ အင်္ဂလန်
တောင်ပိုင်းတွင် တည်ရှိသည်။

၁၉၉၀ ပြည့်နှစ်ကမှထူထောင်ထား ခြင်းဖြစ်ပြီး သက်တမ်း နုသေးသော ကောလိပ်တစ်ခု ဖြစ်သည်။ နာမည်ကျော် အိန်္ဒိယလူမျိုးတက်ကြွလှုပ်ရှားသူ ဆတိကူမာ အပါအဝင် ပညာရှင်တစ်စုက စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။

မသွားမီ ကောလိပ်တည်နေရာကို
ရှာကြည့်လိုက်တော့ မြို့ပေါ်မှာ မဟုတ်။ အနီးဆုံး ခပ်သေးသေး မြို့ကလေးမှပင် ဘတ်စ်ကား
စီးရမည့်သဘော ဖြစ်သည်။ တော့နိမ်စ် (Totnes) ဆိုသည့် မြို့ကလေး ကို ရထားစီး ထိုမှတစ်ဆင့် လိုင်းကားစီးရ
မည့်သဘော ဖြစ်သည်။ လမ်းလျှောက် လျှင်တော့ မိနစ်လေးဆယ်လောက် လျှောက်ရမည်။ စက်ဘီးစီးလျှင်
၁၅ မိနစ် ဆိုတော့ စက်ဘီးယူသွားရန် ဆုံးဖြတ် လိုက်သည်။

ဘူတာကို စက်ဘီးစီး၊
စက်ဘီး ထားရန် နေရာပါသော ရထားတွဲကို ရွေး၊ စက်ဘီးထား၊ ထိုနောက် တစ်နာရီခွဲမျှ ရထားစီး
လိုက်သောအခါ တော့နိမ်စ်မြို့လေး ကို ရောက်သည်။ ကောလိပ်မိတ်ဆက်က မနက် ၁၀ နာရီမှ စမည်ဆိုသဖြင့်
မြို့ထဲ တွင် တစ်ခုခု စားသောက်ပြီးမှ သွားရန် စဉ်းစားလိုက်သည်။ မနက် ၈ နာရီခွဲသာ ရှိသေးရာ
ဆိုင်တွေတောင် မဖွင့်သေး။

နောက်ဆုံးတော့မြို့ထဲ စက်ဘီးဖြင့် လျှောက်ပတ်ရင်းမှ စောစောဖွင့်သော ကော်ဖီဆိုင် ရှာထိုင်ရသည်။

မနက် ၉ နာရီကျော်မှမြို့ထဲမှ စထွက်လာသည်။ စက်ဘီးလမ်းကြောင်း မှာ အတော့်ကို အံ့သြစရာကောင်းလှအောင် ပင်
သာယာလှသည်။ ငါးပေမျှ အကျယ် ရှိသော ကျောက်စရစ်ခင်းလမ်းလေး ဖြစ်သည်။ ဒါ့မြစ်နှင့် မြစ်အတွင်းစီးဝင် သည့် ချောင်းလက်တက်လေး တစ်လျှောက် ဖောက်ထားသဖြင့် လမ်းတစ်လျှောက် အပြေးလေ့ကျင့်သူတွေ၊စက်ဘီးစီးသူ တွေ၊ ခွေးလမ်းလျှောက်သူတွေ၊ မြစ်ကမ်း ဘေး နားနေသူတွေ ပေါလှသည်။

မြို့တွင်းမှကောလိပ်သို့ စက်ဘီး လမ်းကြောင်း ၉၀ ရာခိုင်နှုန်းမှာ စက်ဘီး သီးသန့်လမ်း ဖြစ်သည်။ ဘေးတွင်
တောအုပ်လေးများ၊ ချုံပုတ်လေးများဖြင့် စက်ဘီးစီးသူတို့အတွက် လုံခြုံစိတ်ချမ်းသာ ဖွယ်ရာဖြစ်သည်။

၁၅ မိနစ်မျှစီးလိုက်သောအခါ ကောလိပ်ဝင်း အတွင်းရောက်သွားသည်။ ကောလိပ်ဆို၍ ဘာမျှ ထူးထူးခြားခြား
ကြီးကြီးကျယ်ကျယ် မဟုတ်လှ။ ကျောင်းသား အဆောင် နှစ်ဆောင် သုံးဆောင်၊ ချက်ပြုတ်စားသောက်ရာ
အိမ်တစ်လုံး၊ ရုံးခန်းအိမ်၊ ပင်မအဆောင်နှင့် အလုပ်ရုံ အဆောင်များ ရှိသည်။

မနက်စာ ရေနွေး၊ကော်ဖီတို့ဖြင့် ဧည့်ခံပြီးနောက် နံနက် ၁၀ နာရီကျော်တွင် ကောလိပ်၏ ဘွဲ့လွန်အတန်းများအကြောင်း
မိတ်ဆက် အစီအစဉ် စတော့သည်။ အသစ်ဆောက်ထားဟန်ရှိသော ဂိုထောင်ကြီး ကဲ့သို့သော အဆောက်အအုံအတွင်း
အခန်းအတွင်း ကောလိပ်တာဝန်ရှိသူ တစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောရင်း၊ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ရင်း အစီအစဉ်ကို စလိုက်သည်။

တကယ်က ဘွဲ့လွန်အတန်းမိတ်ဆက် ဆိုပါက တက္ကသိုလ်ကြီးများ တွင် ကြီးကျယ်ခမ်းနားစွာ လုပ်လေ့ရှိ သော ပွဲမျိုး
ဖြစ်သည်။ အဓိကအားဖြင့် ကျောင်းသားဟောင်းများ၊ ဆရာဆရာမ များက ၎င်းင်းတို့၏ ဘာသာရပ်ကို ကျောင်းသား
များ စိတ်ဝင်စားလာစေရန် ဆွဲဆောင် စည်းရုံးသော ပွဲတစ်မျိုး ဖြစ်သည်။

ရှူမက်ကာကောလိပ်ဘွဲ့လွန်မိတ်ဆက်နေ့ကတော့ အတန်ငယ် ထူးခြား သည်။ သူက တစ်ရက်စာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုလို စီစဉ်ထားသည်။တက်ရောက်လာသည့် ဧည့်သည်နှင့် ကျောင်းတာဝန်ရှိသူ စုစုပေါင်းမှ လူဦးရေ ၂၀ ပင် မပြည့်ရာ
သင်တန်းငယ်လေး တစ်ခုစာသာ ဖြစ်သည်။ ကျောင်းခန်း အတွင်း ခုံတစ်လုံးစီဖြင့် ဝိုင်းထိုင်ရင်းပင်
အစီအစဉ်ကို စလိုက်ကြသည်။

ပထမပိုင်းကတော့ Economics in Transition (အကူးအပြောင်းအတွက် ဘောဂဗေဒ) ဘာသာရပ်အကြောင်း
စတင် မိတ်ဆက်သည်။ လက်ရှိ ကမ္ဘာကြီး၏ ဒဏ်ရာဒဏ်ချက်များအကြား မည်သို့သော ဘောဂဗေဒနည်းဖြင့်
ကုစားမည်နည်း ဆိုသည့် အဖြေရှာရန်အတွက် အဓိက ရည်ရွယ်သည့် ဘာသာရပ် ဖြစ်သည်။

ကမ္ဘာကြီးကိုကိန်းဂဏန်းဆိုင်ရာ တိုးတက်မှုကို အခြေပြု မောင်းနှင်လာရင်း ယနေ့ကဲ့သို့သော ဒဏ်ရာရ ဂြိုဟ်တစ်ခု
ဖြစ်လာသည်၊ တိုင်း ပြည်များ၏ တိုးတက်မှုကို ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး(GDP) ဖြင့်သာ တိုင်း၍ လုပ်ကိုင်စီမံခဲ့သည်။ သို့သော် GDPတွင် မပါသော တန်ဖိုးများကိုမေ့ထားခဲ့သည်။ အိမ်ရှင်မတို့၏ အိမ် အလုပ်များ၊ ကလေးထိန်းပြုစုခြင်းကို ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူက နမူနာ ပြသည်။ ပိုဆိုးသည်မှာ GDP တွင် အပေါင်း တန်ဖိုးများသာ ထည့်တွက်ပြီး
အနုတ်ရလဒ်များကို ထည့်မနုတ်ထား ခြင်း ဖြစ်သည်။ ဥပမာ သစ်တောတစ်တော ကို ခုတ်၍ ပြည်ပပို့ရောင်းရငွေကို
GDP အတွင်း ထည့်သွင်း တွက်ချက်သော်လည်း သစ်တောမရှိ၍ ဖြစ်လာသော ဆိုးကျိုးများ ကို နုတ်ယူတွက်ချက်ခြင်း
မရှိခြင်းမျိုး ဖြစ်သည်။

ထိုသို့သောအစဉ်အလာ ဘောဂဗေဒ မှ ခွဲထွက်ကာ လက်ရှိ ကမ္ဘာကြီးကြုံနေရ သော ပြဿာနာများအပေါ် အခြေခံ၍ မည်သို့သောအခြား နည်းသစ်များရှာ နိုင်မည်နည်းဟူသော စဉ်းစားချက်ကို လေ့လာကြမည့် ဘာသာရပ် ဖြစ်သည်။

ထိုသို့သောအယူအဆနှင့် ပတ်သက် ၍ ဝိုင်းဝန်းဆွေးနွေးကြပြီး အယူအဆနှင့် ပတ်သက်၍ သရုပ်ဖော်မှု တစ်ကြိမ်လည်း
လုပ်လိုက်ရသေးသည်။ ထိုသို့ဖြင့် မနက်ပိုင်း ပထမ တစ်ချိန်ပြီးသွားသည်။

ခဏ နားပြီးနောက်ဒုတိယအချိန် ရောက်တော့ စောစောက အခန်းအတွင်း မဟုတ်တော့ပါ။ ခန်းမအပြင်ဘက်တွင် တာဝန်ရှိသူနှစ်ဦးက စောင့်နေသည်။ ထိုနောက် ကျောင်းအနောက်ဘက်ရှိ သစ်တောအုပ်အတွင်း အားလုံးလမ်းလျှောက်
ဝင်ကြသည်။ လျှောက်လမ်းဘေးတစ်ဖက် တစ်ချက်ရှိ သစ်တောပုံစံမှာ မတူကြ။ ညာဘက်တွင် သစ်ထုတ်ရန်
စိုက်ထား သော သစ်တောဖြစ်ပြီး ဘယ်ဘက်တွင်မူ ဒေသမျိုးရင်း သစ်ပင်ချုံပင်များဖြင့် အရိုင်းဆန်ဆန်
ဖြစ်တည်နေသော တောအုပ် ဖြစ်သည်။ ထိုသစ်တောနှစ်မျိုး မတူကွဲပြားသည့် ပုံစံများကို ဆွေးနွေးရင်း
စကားဝိုင်း ရှင်းပြသူ ဂေဟဗေဒပညာရှင် စတီဗင်က မျိုးရင်းနှင့် လူစိုက်ပင်များ၏ ကွာခြားပုံကို
ရှင်းပြသည်။

“ဘောဂဗေဒလို့ ပြောရင် အရေ အတွက် အကြောင်းကိုပဲ ပြောကြတယ်။ဒီမှာကတော့ အရည်အသွေးကို ပိုပြီး အလေးပေး လေ့လာတယ်”ဟု သူက ဆိုသည်။

ထိုနောက်သစ်တောအုပ်အတွင်း အသံတိတ် တရားမှတ်လမ်းလျှောက် သည်။ သဘာဝ၏ အသံကို ခံစားကြသည်။ သစ်ရွက်ဆွေးများဖြင့်ပွယောင်းကာ မြေဆီအနှစ်ဝနေသော မြေသားက လမ်း လျှောက်ရန် အထူးအားနာစရာ ကောင်း လှစွာပင်
နူးအိနေသည်။

နောက်ထပ်ရပ်နားရာတစ်နေရာ ရောက်တော့ စတီဗင်က စကားပြန်စ သည်။

တကယ်တော့ထိုသစ်တောမှာ သဘာ၀ သစ်တောမဟုတ်။ အင်္ဂလန်၏ စက်မှုတော်လှန်ရေးကာလအတွင်း အင်္ဂလန်မြေမှာ တိုးတက်မှုကိန်းဂဏန်းများနောက်လိုက်ရင်းဒဏ်ရာအကြီး အကျယ်ရခဲ့သည်ဟု စတီဗင်က ဆိုသည်။ ယခင်က အမျိုးမျိုးသော သားကောင်များ ပေါများကြွယ်ဝခဲ့ရာသစ်တောများမှာ ကွင်းပြင်ကြီး ဖြစ်သွားသည်။ ယခု လမ်းလျှောက်လာသည့် တောအုပ်မှာ လူတို့ပြန်လည်စိုက်ထားသော တောအုပ် ဖြစ်သည်။

ကမ္ဘာကြီးသည်လည်းဒဏ်ရာရ နေသော ဂြိုဟ်တစ်စင်းဖြစ်နေပြီဟု သူကဆိုသည်။ ထို့အတွက် ကုစားပေး မည့် သမားတော်များလိုသည်။ ရှူမက်ကာ ကောလိပ်မှ ထိုသို့သော ကုစားသူများ ကမ္ဘာအနှံ့သို့ မွေးထုတ်ပေးနေသည်ဟုသူက ဆိုသည်။ ထိုရည်ရွယ်ချက်ကြောင့်ပင် ကျောင်းတည်ထောင်ကတည်းက စတင် ပါဝင်ခဲ့ပြီး အင်္ဂလန်တွင်နှစ် ၃၀ ကြာ နေထိုင်နေခြင်းဖြစ်ကြောင်း အင်္ဂလန် ဇာတိမဟုတ်သော စတီဗင်က ပြောသည်။

ရှူမက်ကာကောလိပ်မှာ“ငယ်သော် လှ၏ (Small is Beautiful) စာအုပ် ရေးသားသူ ဂျာမန်ဖွား ဗြိတိသျှပညာရှင် အားနက်စ်
ရှူမက်ကာ၏ အမည်ကိုယူ၍ မှည့်ထားခြင်း ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော ရှူမက်ကာ၏ထိုစာအုပ် မှာ ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး ယင်းစာအုပ်၏ အခန်းတစ်ခန်းတွင် ဗုဒ္ဓ၏ဘောဂဗေဒ အမြင်အကြောင်း ရေးသားထားသည်။

ထိုအခန်းကို
၁၉၅၅ ခုနှစ် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ပြီးနောက် ရှူမက်ကာ ရေးသားခဲ့ခြင်း ဖြစ်ပြီး
ယင်းတွင် မှန်ကန်သော အသက်မွေးမှု၊ လူနှင့် သဘာ၀၀န်းကျင် ဆက်စပ်ပုံ၊ တန်ဖိုးများကို ငွေကြေးဖြင့်တိုင်းတာမှု၊
ဗုဒ္ဓအလိုကျ တန်ဖိုးမှာ ပျော်ရွင်တင်းတိမ် နိုင်မှု ဖြစ်ပြီး ငွေလောဘနောက် မလိုက်မှု တို့ကို
ညွှန်းထားသည်။ ခေတ်အမြင်အား ဖြင့် တိုးတက်မှုဆိုသည်မှာ ရုပ်သဘော ကို အသားပေးမှုများပြီး
ဗုဒ္ဓအမြင်မှာ ကျင့်ဝတ်စိတ်ဝိဉာဉ်ဖွံ့ဖြိုးရေးကို ပိုကဲ သည်။

သို့သော်ကမ္ဘာကြီးမှာ ထိုသဘော နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော လမ်းကြောင်းသို့ ရောက်သွားခဲ့ပြီး
ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြင့် ပွန်းတီးနေတော့သည်။

ရှူမက်ကာကောလိပ်၏ရည်ရွယ် ချက်များတွင်လည်း ရုပ်ပိုင်းအရေ အတွက်ထက် နာမ်ပိုင်းတန်ဖိုးတို့ကို ပိုအလေးထားသည်။ရှူမက်ကာ၏ ဒဿနအမြင်တစ်ခုဖြစ်သော လူတို့ အတွက် ကိုယ်တိုင်ရပ်တည်ရှင်သန်ရေး မှာ အသေးစား
တစ်နိုင်တစ်ပိုင်များဖြင့် ဖြစ်နိုင်သည် ဟူသော အမြင်အပေါ်တွင် လည်း ရပ်တည်ထားသည်။

ရှူမက်ကာကောလိပ်အနီးတွင် ငါးဧက ခန့်ရှိသည့် စိုက်ခင်းတစ်ခု ထူထောင်ထားသည်။ ကျောင်းအတွက် နိုင်သမျှ
အစားအသောက် ပံ့ပိုးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ အားလုံး ကုံလုံဖို့တော့ မလွယ်။

နေ့လယ်စာတွင်သက်သတ်လွတ် အစားအစာဖြင့် ဧည့်ခံသည်။ နေ့လယ် ပိုင်းအချိန်တွင်တော့ သစ်တောအတွင်း ဝိုင်းထိုင်
ဆွေးနွေးခြင်း၊ ကျောင်းစိုက်ခင်း အတွင်း လေ့လာခြင်းတို့ဖြင့် တစ်နေ့တာ လေ့လာရေး ခရီးစဉ်ပြီးဆုံးသွားသည်။

တစ်ရက်တာမှာကောလိပ်တွင် အတူတကွ သင်ယူလေ့လာသည့် ပုံစံတို အကျဉ်းမျှ လက်တွေ့ပြသွားခဲ့ခြင်း ဖြစ်သည်။
သင်ခန်းစာများ ပို့ချခြင်း ထက် လက်တွေ့ပိုကဲသော ဝန်းကျင်ကို ဖန်တီးထားသည်ဟု ဆိုသည်။

အတူတကွ သင်ယူ ဖန်တီးကြမည်၊ အတူတကွ စိုက်ပျိုးထုတ်လုပ်ကြမည်၊ အတူတကွ ချက်ပြုတ်ကြမည်။

ထိပ်တန်းဟူသောတက္ကသိုလ်ကြီး အချို့ရှိ ဘောဂဗေဒမှာ တိုးတက်မှု ကိန်းဂဏန်း၊ မြို့ပြများကိုသာ အလေးစိုက်
အားပြုချိန် ရှူမက်ကာမှာ ပျော်ရွင် ရောင့်ရဲစွာ ရှင်သန်နိုင်မှု၊ ကျေးလက်တို့ကို ဦးတည်ထားသည်။

ရှူမက်ကာ၏မတူကွဲပြားသော ပညာသင်ကြားရေးစနစ်နှင့် ဦးတည် ချက်တို့က ကမ္ဘာကျော် သဘာဝပတ်ဝန်းကျင်
ရေးရာ တက်ကြွလှုပ်ရှားသူများ၊ ကမ္ဘာကြီး ၏ အဓိကရုပ်ပိုင်း နောက်လိုက် လူမှု အဆောက်အဦရေစီးကြောင်းကို
အပြောင်း အလဲ လုပ်လိုသူများ၊ ဂေဟဗေဒပညာရှင် များ၏ မျက်စိကျရာ ဖြစ်လာသည်။

ညနေစောင်းတော့ဖော်ဖော်ရွေရွေ နှင့် တရင်းတနှီးရှိလှသော ကောလိပ် တာဝန်ရှိသူများကို နှုတ်ဆက်ခဲ့သည်။

ပြန်လာရာလမ်းမြို့အဝင်နီးချိန်ဒါ့မြစ်ကမ်းဘေးတွင် စက်ဘီး ခေတ္တရပ်သည်။ မြစ်ကို တမံသေးသေးလေးပိတ် ကာ လျှပ်စစ်ဓာတ်အားထုတ်နေသောနေရာလေးကို အပြင်က ကြည့်ဖြစ်ခဲ့သည်။ တဝေါဝေါလည်နေသော တာဘိုင်ကြီးမှ လျှပ်စစ်ဓာတ်အားဘယ်လောက် ထွက်မည်တော့ မသိ။ တမံလေးဘေး သဲသောင်တွင်တော့ ညနေစောင်း ခွေးကျောင်းသူများအပန်းဖြေ သူများဖြင့် စည်ကားနေလေသည်။

ခပ်မောမာမို့ချောင်းရေ လက်တစ်ခုပ် လောက် သောက်လိုက်သေးသည်။ ခပ်အေးအေးဖြင့် အမောပြေလှ၏။

ရှူမက်ကာတစ်နေ့တာ လေ့လာရေး ခရီးမှ စတီဗင်၏ စကားတစ်ခုကား စွဲစွဲမြဲမြဲပြန်ပါလာသည်။

“ကျွန်တော်တို့က ခေတ်နောက်ပြန် သွားနေတာ မဟုတ်ပါဘူး။ လက်ရှိသိပ္ပံပညာကို အခြေခံ၊ ပြီးတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ ကမ္ဘာ့ပြဿနာတွေနဲ့ ပြန်ချိန်ပြီးဘယ်လို ရှေ့ဆက်မလဲ ဆိုတာ အတူတူ အဖြေရှာနေတာ”

ညအိမ်အပြန်ရထားစီးရင်းအတွေးစဉ်တန်းများ ရှုပ်ယှက်ခတ် နေသည်။ အင်္ဂလန်နွေဦးပီပီ ည ၈ နာရီ ကျော်မှ ညနေဆည်းဆာကအရောင်တောက် လာသည်။ သူလည်း အရောင်တွေ ရောပြွမ်းရှုပ်ယှက်ခတ်နေရှာသည်။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့ (MSc Public Policy) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံ တစ်ဦး ဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေ သော တက္ကသိုလ်ပညာရေး ပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့များကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ကဲ့သို့) အလျင်းသင့် သလို ဖော်ပြလျက်ရှိသည်။ 

ဖစု