လေယာဉ်ပျံ ပုံပြင်

0
484

မေမေ့အသက်- ၃၅ နှစ်၊ ကျွန်မ အသက်- ၅ နှစ်။

နွေရာသီ နေ့လယ်ခင်းတစ်ခု။ တော ကျေးလက် အစွန်အဖျား အိမ်ကလေး၏ သဘာဝအတိုင်း နေ့လယ်ခင်းဟာ တိတ် ဆိတ်လို့ တစ်အိမ်နဲ့တစ်အိမ် နည်းနည်း လှမ်းပြီး  ကိုယ့်ခြံဝိုင်းနဲ့ကိုယ် သီးခြားစီ နေကြတော့ တော်ရုံအသံဗလံတွေဆို မကြားရ လို့ တိတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ အိမ်ဘေးနားမှာ ၀ါးရုံအကြီးကြီး တစ်ခုရှိတော့ ၀ါးရုံထိပ်ဖျားလေးတွေက အိမ်ခေါင်မိုးကို ထိခတ်သံတိုးတိုးလေးပဲ တစ်ချက်တစ်ချက် ကြားရတယ်။

ကျွန်မနဲ့ မေမေက အဲဒီဝါးရုံရိပ် အောက်မှာ ဖျာတစ်ချပ်ခင်းပြီး ကောင်းကင် ပေါ်မှာ ပျံသွားကြတဲ့ လေယာဉ်ပျံတွေကို စောင့်ကြည့်ကြတယ်။ တကယ်ဆို နေ့လယ်ခင်း တစ်ရေးအိပ်ဖို့အတွက် ကျွန်မ ကို သိပ်တာပါ။ အဲဒီဝါးရုံရိပ်အောက် မှာအိပ်ရင်း မေမေက ကောင်းကင်ကို လက်ညှိုးထိုးပြတယ်။

“သမီး.. ဟိုမှာ ကြည့်စမ်း၊ တွေ့လား။ လေယာဉ်ပျံလေ။ အဲဒီထဲမှာ လူတွေအများ ကြီးရှိတယ် သမီးရဲ့၊ သူတို့တွေက လေယာဉ်ပျံ စီးပြီး ခရီးသွားကြတယ်လေ”

ကောင်းကင်ပေါ်မှာ လက်မအရွယ် လောက် ပျံသွားတဲ့ လေယာဉ်ပျံဆိုတဲ့အရာ ကို ကြည့်ပြီး ကျွန်မမှာ မေးခွန်းတွေ တစ်ပြုံတစ်ခေါင်းကြီး ပေါ်လာတယ်။

“လေယာဉ်ပျံကြီးက ဘယ်သွားတာလဲ မေမေ”

“အနောက်ဘက်ကို သွားတယ်ဆို တော့ တစ်နေရာရာကလာပြီး ရန်ကုန်ကို သွားတာ ထင်တယ်။ ရန်ကုန်မြို့က မေမေတို့ရွာရဲ့ အနောက်အရပ်မှာ ရှိတယ် လေ။ ရန်ကုန်မှာ လေယာဉ်ပျံဆင်းဖို့ အတွက် လေယာဉ်ကွင်းအကြီးကြီးရှိတယ် လို့ မေမေကြားဖူးတယ်။ မေမေတော့ မရောက်ဖူးပါဘူး၊ အဲဒီလေယာဉ်ကွင်းမှာ လေယာဉ်ပျံတွေ အများကြီးပဲတဲ့”

ဟင်.. လေယာဉ်ပျံတွေ အများကြီး ဆိုတော့ ကောင်းကင်ပေါ်ပျံသွားတဲ့အချိန် တစ်စီးနဲ့တစ်စီး တိုက်မိရင် ဘယ်လိုလုပ် မလဲ မေမေ။ ကောင်းကင်ပေါ်မှာ သမီးတို့ရွာ လှည်းလမ်းလိုမျိုး လမ်းမှ မရှိတာ။ နောက်ပြီးတော့ သူတို့က ဘာလို့ ဒီလောက် အမြင့်ကြီးပျံရတာလဲ။ နည်းနည်းနိမ့်နိမ့် လေးပျံရင် သမီးတို့လည်း နည်းနည်း ကြီးကြီး မြင်ရမှာပေါ့နော်

မေမေက ကျွန်မဘက်ကို တစောင်း လှည့်ရင်း ကျွန်မနဖူးပေါ်က ဆံစတွေကို သပ်သင်ပြီး ကျွန်မစကားကို ထောက်ခံတဲ့ အနေနဲ့ ပြုံးလိုက်တယ်။

“ဟုတ်တယ်နော်။ လမ်းလည်း မမြင်ရဘဲနဲ့ လေယာဉ်ပျံတွေ တစ်စင်းနဲ့ တစ်စင်း မတိုက်မိအောင် ဘယ်လိုလုပ် ထားလဲ မသိဘူး။ ဘာလို့အမြင့်ကြီးပျံလဲ ဆိုတာလည်း မေမေမသိပါဘူး။”

အဲဒီလို ပြောပြီးမှ မေမေက တစ်စုံ တစ်ခုကို သတိရသလိုနဲ့..

“အဲ.. မေမေ သမီးတို့အရွယ်တုန်းက နိမ့်နိမ့်လေးပျံတဲ့ လေယာဉ်တစ်စင်းကို မြင်ဖူးတယ်။ အုန်းပင်ထိပ်ဖျားထက် နည်းနည်းလေးပဲ မြင့်တယ်။ တ၀ီဝီအသံတွေ ကလည်း ကျယ်လွန်းလို့ နာအူလိုက်တာ မပြောပါနဲ့တော့။ အဲဒီလေယာဉ်ပျံတွေ့ တော့ သမီးတို့ ဖွားဖွားက အိမ်အောက် မှာတူးထားတဲ့ ကတုတ်ကျင်းထဲကို တစ်အိမ်လုံးလူကုန် ၀င်ခိုင်းတော့တာဘဲ။ အဲဒါ စစ်သားတွေစီးတဲ့ ဗုံးကြဲလေယာဉ် တဲ့။”

ဗုံးကြဲတယ်ဆိုတဲ့အသံကြောင့် ကျွန်မခေါင်းထောင်သွားတယ်။

“စစ်သားတွေက ဘာလို့ လေယာဉ် ပေါ်ကနေ ဗုံးတွေကြဲချတာလဲ ဟင်”

“သူတို့ရန်သူ သူပုန်တွေ ရှိတယ်လို့ ယူဆတဲ့နေရာတွေကို ကြဲတာလေ။ မေမေ တို့ရွာကိုလည်း သူပုန်ရှိတယ် ထင်ပြီးတော့ သေနတ်တွေနဲ့လာတာ ခဏခဏပဲ။ တကယ်တမ်းကျတော့ အဲဒီဗုံးတွေ သေနတ် တွေက အပြစ်မဲ့တဲ့ ရွာသားတွေကို ထိတာပဲ များပါတယ်”

မေမေက စိတ်မကောင်းဟန်နဲ့ သက်ပြင်းတစ်ချက်ကို လေးလေးတွဲ့တွဲ့ ချလိုက်တယ်။

အဲဒီလိုဆို စစ်သားတွေစီးတဲ့ လေယာဉ် က ကြောက်စရာကြီးပေါ့။ တော်ပြီ.. စစ်သားတွေစီးတဲ့ လေယာဉ်ပျံထက် ခုနကလူတွေစီးတဲ့ လေယာဉ်ပျံအကြောင်း ကို မေးတာပဲ ကောင်းပါတယ်လေ။

တစောင်းအိပ်ပြီး မေမေ့မျက်နှာကို ကြည့်နေရာက ပက်လက်လှန်လိုက်ပြီး ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။

“လေယာဉ်ပျံသွားနေတုန်း အဲဒီလူ တွေက ရှူးရှူးပေါက်ချင်ရင် ဘယ်လိုလုပ် မလဲ မေမေ။ အပေါ်ကနေ အီးအီးပါချလိုက် ရင် သမီးတို့ခေါင်းပေါ် ကျကုန်မှာပေါ့”

ကျွန်မရဲ့အမေးကြောင့် မေမေရုတ်တ ရက် မျက်လုံးပြူးလိုက်ပြီး ကျွန်မကို သိုင်းဖက်လိုက်ကာ ခပ်ကျယ်ကျယ်လေး ရယ်လိုက်တယ်။

“ဟင်း ..ဟင်း သမီးကတော့ တကယ်ပဲ၊ အဲဒါတော့ မေမေလည်း မသိဘူး။ မေမေ မှ လေယာဉ်ပျံ မစီးဖူးတာ။ မေမေတော့ ဒီတစ်သက် လေယာဉ်ပျံစီးရဖို့လမ်း မမြင်ပါဘူး သမီးရယ်။ အဲဒါကြောင့် မေမေ ပြောတာ သမီးလေး စာကြိုးစားလို့၊ စာကြိုးစားမှ ပညာတတ်ကြီးဖြစ်မှာ။ အဲဒီအခါ သမီးလေယာဉ်ပျံစီးရရင် လေယာဉ်ပျံဗိုက်ထဲမှာ ဘာတွေရှိလဲ မေမေ့ ကို ပြောပြပေါ့။ ဟုတ်ပြီးလား”

ထုံးစံအတိုင်း မေမေက သူ့စကားကို စာကြိုးစားဆိုတဲ့ သြ၀ါဒနဲ့ အမြဲတမ်း အဆုံးသတ်တယ်။

စောစောကမြင်ရတဲ့ မီးခိုးတန်းတွေ ရှိမနေတော့။ ကြည်စင်တဲ့ မိုးပြာရောင် ကြားထဲမှာ အမျှင်ပါးပါး တိမ်လွှာလေး တွေက ဟိုရွေ့ဒီရွေ့နဲ့။ ကျွန်မ မျက်စိ ကျိန်းသွားတဲ့အတွက် မျက်စိကို မှိတ်ချ လိုက်တယ်။ သိပ်မကြာခင်မှာ ကျွန်မ လေယာဉ်ပျံပေါ် ရောက်ပြီး လေယာဉ်ပျံ ကြီး စီးနေပြီ။ လေယာဉ်ပျံကလည်း ခုန်လိုက်တာ။

ဟင်.. ကျွန်မစီးနေတဲ့ လေယာဉ်ပျံ က ဖေဖေမောင်းတဲ့ နွားလှည်းနဲ့ တစ်ပုံစံတည်းပါဘဲလား။

လေယာဉ်ပျံ ပုံပြင်နဲ့အတူ လေယာဉ်ပျံ စီးတဲ့ အိပ်မက်တွေ မက်ခဲ့ရတဲ့ အချိန်တုန်း ကပေါ့။

အဲဒီအချိန်တုန်းက မေမေက ကျွန်မ သိချင်တာတွေ ဘာမဆိုအဖြေပေးနိုင်တဲ့ တစ်ဦတည်းသော ပညာရှိ။ ကျွန်မရဲ့ တစ်ခုတည်းသော ကမ္ဘာလေ။

။။                ။။          ။။

ကျွန်မအသက်- ၃၅နှစ်၊ မေမေ့ အသက်- ၆၅ နှစ်။

“ရန်ကုန်လေဆိပ်မှာ လေယာဉ်တွေ မှ တန်းစီရပ်ထားတာ အများကြီးပဲ။ သူ့လေကြောင်းလိုင်းနဲ့သူ။  သူ့တံဆိပ် နာမည်နဲ့သူ မေမေရဲ့။ လေယာဉ်ပေါ်မှာ လား။ လေယာဉ်မယ်၊ လေယာဉ်မောင်တွေ က သိပ်ချောတာပဲ မေမေ။”

မေမေ့အိမ်ရဲ့ အပြင်အဆင် ရှုခင်း တွေက အပြောင်းအလဲမရှိ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက အတိုင်း။ အိမ်ဘေး နားက ၀ါးရုံရယ်။ တိတ်ဆိတ်ငြိမ်သက် နေတဲ့ နွေရာသီ နေ့လယ်ခင်းရယ်။ ၀ါးရုံ အရိပ်က ပြောင်းလဲမှုမရှိသလို မေမေ့ မေတ္တာရိပ်ကလည်း အပြောင်းအလဲ မရှိ။ ကောင်းကင်ပေါ်မှာ ပျံသန်းသွားတဲ့ လေယာဉ်တွေကို ကြည့်ပြီး လေယာဉ်ပျံ ပုံပြင်ကို သားအမိနှစ်ယောက် ပြောဖြစ် ကြပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မက ပုံပြောသူ။ မေမေက ပုံပြင် နားထောင်သူ။ ကျွန်မက လေယာဉ်ပျံ စီးဖူးသူ မဟုတ်လား။

“လေယာဉ် အတက်အဆင်းတွေမှာ ခါးပတ် ပတ်ထားရတယ်။ ပြီးတော့ စက်ချို့ယွင်းလို့ပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် လေထီးတို့၊ အောက်ဆီဂျင်ဗူးတို့ကို ဘယ်လို သုံးရမလဲဆိုတာ လေယာဉ်မယ် တွေက ပြပေးတယ်။ အရေးပေါ်ထွက် ပေါက်တွေလည်း ထားထားတယ်လေ။ ကောင်းကင်ပေါ်မှာ လေယာဉ်ပျံသန်းရ မယ့် လမ်းကြောင်းကို နည်းပညာနဲ့ စနစ်တကျ သတ်မှတ်ထားတာ။ သမီး ငယ်ငယ်တုန်းက စိတ်ပူသလိုမျိုး လေယာဉ်တွေ တစ်စင်းနဲ့တစ်စင်း တိုက်မိမှာမျိုးတော့ စိုးရိမ်စရာမလိုဘူး မေမေရေ”

မေမေ့မျက်စိထဲ ကွက်ကွက်ကွင်း ကွင်း မြင်လာဖို့ လေယာဉ်ထဲက မြင်ကွင်း တွေ ပုံပေါ်အောင် ကျွန်မအတော်လေး ကြိုးစားပြီး ပြောရရှာတယ်။ ပုံပြောတဲ့ အတတ်ပညာမှာ ကျွန်မက မေမေ့လောက် မတော်ပါဘူး။ ပြီးတော့ ကျွန်မစကား ပြောရင် အဆက်အစပ်မရှိ ဟိုမရောက် ဒီမရောက်လည်း ဖြစ်သေးတယ်။

ကျွန်မစကားကို စိတ်ဝင်တစား နားထောင်နေတဲ့ မေမေ့မျက်နှာကို မြင်ရ တော့မှ ကျွန်မရဲ့ပုံပြင်ကို အားတက်သရော ဆက်ပြော ဖြစ်တယ်။

“လေယာဉ်ပြတင်းပေါက်နားက ထိုင်ခုံရရင် မြေပြင်က ရှုခင်းတွေကို ကြည့်လို့ရတာပေါ့ မေမေ။ သမီးတို့ ငယ်ငယ်တုန်းက တောင်ပေါ်တက်ပြီး တောင်အောက်ရှုခင်းကို လှမ်းမြင်တာနဲ့ အတူတူပါပဲ။ သြော်.. ဟိုတစ်ခေါက်တုန်း ကလေ။ သမီးတို့ ဘန်ကောက်ကနေ ညခုနစ်နာရီမှာ လေယာဉ်ထွက်တော့ အောက်မှာမြင်ရတဲ့ လျှပ်စစ်မီးတွေ ထိန်ထိန် ညီးအောင် ထွန်းထားတဲ့ ဘန်ကောက်မြို့ ရဲ့ ညမြင်ကွင်းကို တွေ့ရတော့ ငယ်ငယ် တုန်းက မေမေပြောပြတဲ့ တာဝတိံသာ နတ်ပြည်က နတ်ဘုံနတ်နန်း ပုံပြင်တွေ အကြောင်းကို သမီး သတိရမိသေးတယ်”

“ရန်ကုန်မြို့ရော။ ညဘက်လေယာဉ် ပေါ်ကနေ သမီးမြင်ဖူးလား”

မေမေကတော့ သူများနိုင်ငံက မြို့ တွေထက် ကိုယ့်နိုင်ငံက မြို့အကြောင်း ပိုစိတ်ဝင်စားတယ် ထင်ပါရဲ့။

“မြင်ဖူးပါတယ်။ ရွှေတိဂုံဘုရား ကြီးကတော့ သိပ်သပ္ပါယ်တာပဲ။ ဒါပေမယ့် ရန်ကုန်မြို့က ဘန်ကောက် မြို့နဲ့စာရင် ညအမှောင်ထဲမှာ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတယ်”

“ရန်ကုန်မြို့ကြီး ဒီလောက်စည် တာတောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ သေးတယ် ဟုတ်လား။ ဒီလောက်ဆို တော်ပါပြီလေ။ သိပ်လင်းလွန်းရင် မျက်စိကျိန်းတယ်။ မေမေ ရန်ကုန်သွား တုန်းက မျက်စိကျိန်းလိုက်တာ မပြောပါ နဲ့တော့”

မေမေက တောသူပီပီ ပြောချင်တာ ကို ဘွင်းဘွင်းပြောတတ်မြဲ။

“ဟုတ်တယ် မေမေ။ လျှပ်စစ်ဆိုတာ အလကားရတာမှ မဟုတ်တာ။ လျှပ်စစ် ကြောင့် ဒုက္ခရောက်တဲ့ သူတွေလည်း ကမ္ဘာမှာ အပုံကြီး။ မလိုအပ်ရင် အပိုမသုံး တာ အကောင်းဆုံးပါဘဲ။”

မေမေ့ကိုကြည့်ရတာ လေယာဉ်ပျံကိစ္စ လောက် လျှပ်စစ်ကိစ္စကို စိတ်ဝင်တစား ဖြစ်ပုံမရှိ။ ကျွန်မက အကြောင်းအရာ တစ်ခုခုပြောရင် ဟိုရောက် ဒီရောက်နဲ့။

“ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်။ အခု ခေတ်မှာ ဗုံးကြဲတဲ့လေယာဉ်ပျံ မရှိတာ တော့ စိတ်အေးရတာပေါ့လေ”

မေမေက ပက်လက်လန် အနေအထား နဲ့ ကောင်းကင်ကိုကြည့်ရင်း သက်ပြင်း တစ်ချက်ရှိုက်လိုက်တာကို ကျွန်မကြား လိုက်ရတယ်။

“သမီးတို့ဒေသမှာ မရှိတော့ပေမယ့် တခြားဒေသတွေမှာ ရှိသေးတယ် မေမေ”

“ဟုတ်လား- ဒါဆိုမေမေတို့ အရင်တုန်းက ကြောက်နေရသလို သူတို့ လည်း တစ်ချိန်လုံး ကြောက်နေရမှာပဲ နော်။ သူတို့တွေ စစ်ဘေးစစ်ဒဏ်က အမြန်ဆုံး ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ နေနိုင်ကြပါစေ”

“စစ်” ဆိုတာ အသက်တွေ၊ ဘ၀တွေ၊ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေကို တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်တယ် မဟုတ်လား။ ငြိမ်းချမ်းရေး အမြန်ဆုံးရ ဖို့အတွက် သမီးတို့ ဆုတောင်းကြတာပေါ့ မေမေ။

“အော်- မေမေမေးဖို့ တစ်ခုမေ့နေ တယ်။ သမီးငယ်ငယ်တုန်းက မေမေ့ကို မေးဖူးတယ်လေ။ လေယာဉ်ပျံပေါ်မှာ အိမ်သာတက်ချင်ရင် ဘယ်လိုလုပ်ရလဲ”

ဒီတစ်ခါ မေမေ့မျက်နှာကို စေ့စေ့ ကြည့်ပြီး ရယ်မိသူက ကျွန်မ…

“ဟင်း… ဟင်း… သမီး ငယ်ငယ်တုန်းက တွေးသလိုမျိုး ရှူးရှူး တွေ၊ အီးအီးတွေ သမီးတို့ ခေါင်းပေါ်ကို ကျလာမှာ စိုးရိမ်စရာမလိုဘူး မေမေရဲ့။ လေယာဉ်ပေါ်မှာ အိမ်သာကို အသေအချာ လုပ်ထားတာ။ ကြိုက်တဲ့အချိန် ထသွား လို့ရတယ်။ မစင်တွေကိုတော့ မြေပြင် ပေါ်ရောက်မှ သတ်မှတ်ထားတဲ့နေရာမှာ သူတို့စွန့်ပစ်ကြတာပေါ့လေ”

ယိမ်းနွဲ့နေတဲ့ ၀ါးပင်ထိပ်ပိုင်းတွေ ကြားက လှမ်းမြင်ရတဲ့ ကောင်းကင်ပြာ ကို ငေးကြည့်ယင်း စကားပြောနေရာက ကျွန်မခေါင်းကို ငဲ့စောင်းပြီး မေမေ့မျက်နှာ ကို ကြည့်လိုက်တော့ ကျွန်မမျက်နှာကို ပြုံးပြီး ကြည့်နေတဲ့ မေမေ့မျက်လုံးတွေ။

ကျွန်မက သူသိချင်တာတွေ အကုန်လုံး အဖြေပေးနိုင်တယ်ဆိုတဲ့ ဂုဏ်ယူတဲ့ မျက်လုံးမျိုးနဲ့ပေါ့။ အဲဒီမျက်လုံးတွေက ကျွန်မအမှောင်ထဲမှာ ပြိုလဲကျတဲ့အချိန် တိုင်း အမြဲတမ်း အလင်းပြခဲ့တဲ့ ထာဝရ မီးအိမ်။

အဲဒီအချိန်မှာ လေယာဉ်တစ်စင်း ဖြတ်သွားတဲ့အသံကို ကြားရတော့ ကျွန်မတို့ တစ်ယောက်မျက်နှာတစ် ယောက် ပြိုင်တူကြည့်ပြီး ပြုံးမိကြတယ်။

အသက်အရွယ်၊ အချိန်ကာလ ပြောင်းလဲသွားပေမယ့် လေယာဉ်ပျံပုံပြင် လေးကတော့ ကျွန်မတို့နှစ်ယောက် ကြားမှာ မေတ္တာတရားရဲ့ ကြားခံပစ္စည်း တစ်ခုအဖြစ် ထာဝရသစ်လွင်နေရဲ့။

နီမာဦး(အံဒင်)