အဏ္ဏ၀ါရှင်မော်စေတီတွင် အလှူခံပုံး ဖောက်သူသုံးဦးကို နှုတ်ဖြင့်ဆုံးမပြီး ပြန်လွှတ်

0
498

ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်တောင်တွင် တည်ထားသည့် အဏ္ဏ၀ါရှင်မော် စေတီရှိ အလှူခံပုံး ဖောက်ယူခဲ့သည့် လူငယ်သုံးဦးကို နှုတ်ဖြင့်ဆုံးမကာ ပြန် လွှတ်ပေးခဲ့ကြောင်း ရှင်မော်စေတီဂေါပကနှင့် သကျက်တောနယ်မြေရဲစခန်းထံမှ သိရသည်။

ရှင်မော်ဘုရားရင်ပြင်တောင်ကုန်း မြေထိန်းနံရံဆောက်လုပ်နေသည့် အသက် ၂၀ ၀န်းကျင်လူငယ်သုံးဦးသည် မေလ ၇ ရက်က အဏ္ဏ၀ါရှင်မော်စေတီရှိ အလှူခံပုံးကိုဖောက်ထွင်းခိုးယူခဲ့ပြီး ယင်းစေတီတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ရှင်မော်ဘုရားဂေါပက ဦးဖေအောင်က ပြောသည်။

ယင်းကဲ့သို့ဖောက်ထွင်းခိုးယူနေ  သည်ကို ရှင်မော်ဘုရားဂေါပကအဖွဲ့က မြင်တွေ့သဖြင့် ဖမ်းဆီးကာ သကျက်တော နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း ဦးဖေအောင်က ပြောသည်။

သကျက်တောရဲစခန်းတွင် စစ်ဆေး မေးမြန်းပြီးနောက်တွင် ယင်းလူငယ်သုံးဦးကို ရှင်မော်ဘုရားဂေါပကအဖွဲ့မှ အမှု မဖွင့်ခဲ့ဘဲ နှုတ်ဖြင့် ခေါ်ယူဆုံးမပြီး ပြန် လွှတ်ပေးလိုက်ကြောင်း သကျက်တော နယ်မြေရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

“ခိုးတယ်ဆိုတာကလည်း လက်ဆော့ ပြီး လုပ်လိုက်တဲ့သဘောပါပဲ။  ဂေါပကအဖွဲ့နဲ့ အဲဒီမှာရှိတဲ့ လူတွေ တော်တော်များများက အမှုမဖွင့်စေချင်ဘူးပေါ့နော်။ သူတို့မိဘ တွေခေါ်ပြီး နောက်မလုပ်ဖို့ ဆုံးမပြီး ပြန်လွှတ်ပေး လိုက်တာ”ဟု အဆိုပါ ဒုရဲအုပ်က ဆိုသည်။

ယင်းလူငယ်သုံးဦးမှ အလှူခံပုံးမှယူ ထားသည့် အလှူငွေများကိုလည်းပြန်လည် ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

Dawei Watch