မိုးစပါးချေးငွေလျာထားချက် ယမန်နှစ်ထက် ကျပ်သိန်းပေါင်းတစ်သောင်းကျော် လျော့

0
552

ယခုနှစ်ထုတ်ချေးရန်လျာထားသည့် မိုးစပါးချေးငွေမှာ ယမန်နှစ်မိုးစပါးချေးငွေလျာထားချက်ထက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် လျော့နည်းကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ထံမှ သိရသည်။

ယမန်နှစ်က မိုးစပါးချေးငွေထုတ်ချေး ရန် ကျပ် ၁၇ ဘီလီယံကျော်လျာထားသော်လည်း ယခု ၂၀၁၉ ခုနှစ်တွင်မူ ကျပ် ၁၆ ဘီလီယံကျော်သာ ထုတ်ချေးပေးရန် ကနဦး လျာထားကြောင်း တနင်္သာရီတိုင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။(တစ်ဘီလီယံသည် သိန်းပေါင်းတစ်သောင်းနှင့် ညီမျှသည်။)

မိုးစပါးချေးငွေထုတ်ချေးမည့် လယ်သမားများသည် လယ်ယာလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ၇  မူရင်းကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် အပ်နှံရမည်ဖြစ်သော ကြောင့် မိုးစပါးချေးငွေထုတ်ချေးသူ နည်းပါး လာသဖြင့် ယင်းကဲ့သို့ လျှော့ချသတ်မှတ် ထားခြင်းဖြစ်ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ယင်းပုံစံ ၇  မူရင်းကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် အပေါင်ထားကာ မိုးစပါးချေးငွေ ထုတ်ချေးသည့်စနစ်ကို ယမန်နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းစနစ် စတင်သည့်နှစ်တွင်ပင် ချေးငွေထုတ်ချေး မည့်သူများ နည်းလာခြင်း ဖြစ်သည်။

“မနှစ်က လျာထားငွေ ၁၇ ဘီလီယံ ကျော်တယ်။ ၁၆ ဘီလီယံကျော်ပဲ လာချေး ကြတယ်။ မနှစ်ကချေးတဲ့ ပမာဏကို ကြည့်ပြီးတော့ ဒီနှစ်လျာထားငွေ ၁၆ ဘီလီယံ ကျော်ပဲ ရုံးချုပ်က ချပေးတော့တယ်”ဟု ၎င်းက ဆိုသည်။

လယ်အငှား လုပ်ကိုင်သူအများစု တွင် ပုံစံ ၇ မူရင်းမရှိကြသဖြင့် လယ်အငှား လုပ်ကိုင်သူများကို အမှန်တကယ် လယ်လုပ် ကိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ထောက်ခံပေးပါက မိုးစပါးချေးငွေ ထုတ်ချေးပေးသင့်ကြောင့် ထားဝယ်မြို့နယ် ဇဟာကျေးရွာမှ လယ်အငှားလုပ်ကိုင်သူ ဦးထွန်းသိန်းက ပြောသည်။

“(မိုးစပါး) ချေးငွေမရတော့ ရတဲ့သူဆီ အတိုးကြီးကြီးပေးပြီး ချေးနေရတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ၁၆ ဘီလီယံကျော်ကို သာငွေလျာထားသတ်မှတ်ထားသော်လည် ငွေချေးသူများပါက ထပ်မံလျှောက်ထား ပေးမည်ဖြစ်ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ယခုနှစ်မိုးစပါးချေးငွေကို တနင်္သာရီ တိုင်းရှိ မြို့နယ်အချို့တွင် စတင်ထုတ်ချေး နေပြီ ဖြစ်သည်။

မိုးစပါးချေးငွေမှာ လယ်တစ်ဧက တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် အများဆုံး ဆယ်ဧကအထိ ထုတ်ချေးနိုင်ပြီး အတိုးမှာ တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြစ်သည်။             

ကျော်သူစိုး