ဖုန်းနှင့် ဆက်စပ်လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဇွန်လ စကောက်မည်

0
751
ဓာတ်ပုံ - ဝေယံစိုး

ဖုန်းငွေဖြည့်ကတ်မှလွဲပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ ဖုန်းပြုပြင် ခြင်းတို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို လာမည့်ဇွန်လ ၁ ရက်တွင် စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ယင်းကုန်သွယ်လုပ်ငန်းခွန် ဆောင်ရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနထံတွင် ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်း ဆိုင်များ၊ ဖုန်းပြုပြင်သည့်ဆိုင်များက ကျပ် ၅၀ မှ ကျပ် ၁၀၀၀ အကြားရှိ အခွန်အမှတ် တံဆိပ်များ ၀ယ်ယူရမည် ဖြစ်သည်။

ယင်းဝယ်ယူထားသည့် အခွန်အမှတ်တံဆိပ်များကို ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ ဖုန်းပြုပြင်ခြင်း တို့မှ ရရှိသည့် တန်ဖိုးအပေါ် ကုန်သွယ် လုပ်ငန်းခွန် ငါးရာခိုင်နှုန်းနှင့်ညီမျှသည့် အခွန်အမှတ်တံဆိပ်များကို ဘောင်ချာတွင် ကပ်ပေးရမည်သည်။

 “အခု စားသောက်ဆိုင်တွေမှာ ဆောင်နေသလိုမျိုးပေါ့။ ဘောင်ချာမှာ အခွန်အမှတ်တံဆိပ်ကပ်ပြီးဆောင်ရမှ” ဟု တနင်္သာရီတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။

ထားဝယ်မြို့ရှိ ဖုန်းပြင်ဆိုင်ပိုင်ရှင် အချို့မှာမူ ဖုန်းပြင်သည့်အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်း အပေါ် ဝေဖန်မှုအချို့ ရှိနေသည်။

“ဖုန်းတို့၊ ဖုန်းဆက်စပ်ပစ္စည်းရောင်း တို့မှာ အခွန်ကောက်တာတော့ ထားလိုက် ပါတော့။ ဖုန်းပြင်တာမှာ ကောက်တာ ကတော့ မဖြစ်သင့်ဘူး။ ဖုန်းလာပြင်တဲ့ သူတွေပဲ ပိုထိမှာ”ဟု ထားဝယ်မြို့ ကရပ်ပြင် ရပ်ကွက်ရှိ ဖုန်းပြင်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်းဆိုင်များ၊ ဖုန်းပြင်ဆိုင်များကို ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်လာစေရန်အတွက် ပညာပေး စည်းရုံးသည့် နည်းလမ်းဖြင့် ချဉ်းကပ်ကောက်ခံသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အထက်ပါအရာရှိက ပြောသည်။

ဇွန်လ ၁ ရက်နေ့ နောက်ပိုင်းမှစပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိ သည့် ဘောင်ချာများကို ဖုန်းဆိုင်များမှ ထုတ်ပေးပါက နီးစပ်ရာ ပြည်တွင်းအခွန် များဦးစီးဌာနထံ တိုင်ကြားရန် ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

တိုင်ကြားမှုများ ရှိလာပါက တိုင်ကြားခံရသည့် ဆိုင်များကို ကွင်းဆင်းစစ်ဆေးမည် ဖြစ်ပြီး အမှန်တကယ် တံဆိပ်ခေါင်း မကပ်ပေးကြောင်း စိစစ်တွေ့ရှိပါက အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ဒဏ်ငွေဆောင်ရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး