ဆိုင်ကယ်ကယ်ရီမောင်းသူအား သေနတ်ဖြင့် ပစ်သူကို ဖမ်းမိ

0
479

မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူအား သေနတ်ဖြင့်ပစ်ခဲ့သူကို ဖမ်းမိပြီဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

မေလ ၂ ရက်ည ၇ နာရီခွန့်ခန့်က ကုန်းဖောက်ရပ်ကွက်၊ အထပ်သားစက်ရုံ အနီးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူကို အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်း ဖြစ်သည်။

ယင်းအမျိုးသားနှစ်ဦးအနက် သေနတ် ဖြင့်ပစ်ခတ်သူကို မြိတ်တောင်ကျေးရွာ အုပ်စု၊ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ် တစ်ဆောင်တွင် မေလ ၄ ရက်က ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

၎င်းသည် အမှတ် ၉၃၇ ထောက်ပံ့ ပို့ဆောင်ရေးတပ်ရင်းမှ တပ်သားတစ်ဦးဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ တာဝန်ရှိ သူက ပြောသည်။

၎င်းနှင့်အတူလိုက်ပါခဲ့သည့်အမျိုးသားမှာလည်း ၉၃၇ ထောက်ပံ့ပို့ဆောင်ရေး တပ်ရင်းမှ တပ်သားပင်ဖြစ်ပြီး ၎င်းကိုမူ တပ်မတော်က စစ်ဆေးဆောင်ရွက်နေ သည်ဟု မြိတ်မြို့မရဲစခန်းထံမှ သိရ သည်။

ရွှေပြည်တန်ရပ်ကွက်တွင် ဖမ်းမိသူ ၏ နေအိမ်တွင် သံပြောင်းတပ် သစ်သား ဒင်ပါ လက်လုပ်သေနတ်တစ်လက်နှင့် အတူ ကျည် ၁၃ တောင့်ကို တွေ့ရှိခဲ့ကြောင်း ဖမ်းဆီးရာတွင် သက်သေအဖြစ် လိုက်ပါခဲ့သူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ် နေဆဲ ဖြစ်ကြောင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

“ထောက်ပို့တပ်ရင်းကယူဆရတဲ့ တပ်သားဖြစ်ပါတယ်လို့ အကြမ်းဖျင်း သိထားရတယ် စိတ်သိပ်မမှန်တဲ့အတွက် ကြောင့် ဒီလိုဖြစ်ရတာပါ၊ အသေးစိတ်ကို တော့ စိစစ်ဆဲ ပဲရှိပါသေးတယ်”ဟု ဗိုလ်မှူးကြီး သန့်ဇင်ဦးက ဆိုသည်။

လက်ရှိတွင် ဆိုင်ကယ်ကယ်ရီမောင်းသူအား သေနတ်ဖြင့်ပစ်ခတ်ရသည့်အကြောင်း ရင်းနှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းက ဖမ်းမိထားသည့် အသက် ၃၁ နှစ်အရွယ် တပ်သားကို စစ်ဆေးမှုများလုပ်ဆောင်နေ ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါအမျိုးသားနှစ်ဦးစလုံးကို (ပ) ၁၃၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် ကယ်ရီ မောင်းသူမှာ နောက်ကျောညာဘက်မှ ရင်အုံအထိ ပေါက်ထွက်ခဲ့သဖြင့် မြိတ် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch