ကျွန်းစုတွင် ဂြိုလ်တုဖုန်းပါသည့် တရားမ၀င်ငါးဖမ်းလှေ ဖမ်းမိ

0
628

ကျွန်းစုမြို့နယ် ပင်လယ်ပြင်တွင် ဂြိုလ်တုဖုန်းတပ်ဆင်ထားသည့် တရားမ၀င် ငါးဖမ်းလှေတစ်စီးကို ဧပြီလကုန်ပိုင်းက ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အနောက်ဆူလာကျွန်း အနောက်ဘက် ၉၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မြောက်ဘက်မှ တောင်ဘက်သို့ ခုတ်မောင်း နေသည့် စက်လှေတစ်စီးအား ကင်းလှည့်နေသော တပ်မတော်စစ်ရေယာဉ်က မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လှေဂရမ်၊ စက်ဂရမ် မရှိဘဲ တရားမ၀င် ငါးဖမ်းနေသည့် အဆိုပါ လှေပေါ်တွင် မြန်မာနိုင်ငံသား ၇ ဦးကို ဂြိုလ်တုဖုန်း တစ်လုံး၊ တရားမ၀င် ဆက်သွယ်ရေးစက် တို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှေဂရမ်၊ စက်ဂရမ်မရှိဘဲ သွားလာနေပြီး တရားမ၀င်သည့် ဆက်သွယ်ရေး စကားပြောစက်၊ ဂြိုလ်တုဖုန်း ကိုင်ဆောင်အသုံးပြုသူများ ကို အရေးယူပေးရန် တပ်မတော်ရေမှ တိုင်ကြားလာခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ၄ ရက် တွင် လှေပေါ်လိုက်ပါလာသည့် မြန်မာ နိုင်ငံသား ၇ ဦးကို ပို့ကုန်/သွင်းကုန်ပုဒ်မ- ၈/၁၀ ဖြင့် လည်းကောင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ- ၆၇ ဖြင့် လည်းကောင်း မြိတ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch