ဆေးရုံဆေးခန်းထွက် အန္တရာယ်ရှိ အမှိုက်များ စွန့်ပစ်လိုက ထားဝယ်နာရေးထံ ဆက်သွယ်နိုင်

0
1345
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့ရှိ ဆေးရုံ ဆေးခန်းထွက် အန္တရာယ်ရှိ အမှိုက်များကို မီးရှို့ဖျက်ဆီး လိုပါက နာရေးကူညီမှု(ထားဝယ်)အဖွဲ့ထံ လာရောက်ဆက်သွယ်နိုင်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ဆေးထိုးအပ်၊ ခန္ဓာကိုယ်အစိတ်အပိုင်း အစရှိသည့် အန္တရာယ်ရှိ ဆေးရုံ ဆေးခန်းထွက်အမှိုက်များကို မီးရှို့ဖျက်ဆီး နိုင်ရန် မီးသင်္ဂြိုလ်စက် အသေးစားတစ်လုံး ကို ၂၀၁၈ ခုနှစ်က ဇဟာကျေးရွာရှိ ထားဝယ်သုသာန်တွင် တည်ဆောက်ထားကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

လက်ရှိတွင် ထားဝယ်ဆေးရုံကြီးနှင့် ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း အချို့မှ ထွက်ရှိသည့် အန္တရာယ်ရှိအမှိုက်များကို တစ်ပတ်လျှင် လေးကြိမ်ခန့် မီးရှို့ဖျက်ဆီးပေးနေကြောင်း ၎င်းက ပြောသည်။

ပုဂ္ဂလိကဆေးရုံအချို့နှင့် ပြင်ပဆေးခန်း အများစုက အန္တရာယ်ရှိ အမှိုက်များကို ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်တွင် စွန့်ပစ်နေကြသည်ဟု သိရကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“ကျွန်တော်တို့ အားနည်းတာ ဖြစ်မယ် ထင်တယ်၊ ဆေးရုံ ဆေးခန်းအချို့က မသိကြသေးဘူး”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယင်းကြောင့် အန္တရာယ်ရှိ အမှိုက်စွန့် ပစ်နိုင်ကြောင်း အသိပေးမှုများ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

ဆေးရုံ/ဆေးခန်းထွက် အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးလိုပါက ထားဝယ်မြို့ ၊ ကရပ်ပြင်လမ်းဆုံအနီးရှိ နာရေးကူညီမှု(ထားဝယ်)ရုံးခန်းကို အသိပေး ဆက်သွယ်ရမည်ဖြစ်ပြီး မီးရှို့ဖျက်ဆီးမည့် အမှိုက်ကို ထားဝယ်သုသာန်သို့ မိမိအစီအစဉ် ဖြင့် ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

ထားဝယ်နာရေးအဖွဲ့က ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းကို မသိသည့်အတွက် ဆေးထိုးအပ်များကို စက္ကူပုံးအတွင်းထည့် ကာ အမှိုက်သိမ်းယာဉ်ဖြင့် စွန့်ပစ်နေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခု တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန် တစ်ဦးက ဆိုသည်။

ဆေးထိုးအပ်နှင့် ကိုယ်အင်္ဂါအစိတ် အပိုင်းများကို ထိတွေ့ကိုင်တွယ်ပါက ရောဂါ ကူးစက်နိုင်ခြေမြင့်မားကြောင်း ၎င်းက ဆိုသည်။

“အခုဖျက်ဆီးပေးတဲ့နေရာကို တကူးတက သွားပစ်ဖြစ်မှာ မဟုတ်ဘူး၊ ဒါတွေကို စည်ပင်အဖွဲ့က အထူးအစီအစဉ် အနေနဲ့ ငွေကြေးယူပြီး သိမ်းပေးသင့်တယ်”ဟု အထက်ပါဆရာဝန်က ပြောသည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ကူးစက်ရောဂါ မပြန့်ပွားစေရေးနှင့် စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသောစံ နှင့်အညီ စနစ်တကျစွန့်ပစ်ရေးတို့အတွက် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ကိုဇော်