မလေးရှားမူးယစ်အမှု ကွင်းဆက်ဟုဆိုသည့် ထားဝယ်ကြီးကို ထောင်ဒဏ် ၁၁ နှစ် အမိန့်ချ

0
1138

နာမည်ကြီး မလေးရှားမူးယစ်ဆေးအမှု၏ ကွင်းဆက်တရားခံဟု စွပ်စွဲခံထားရသည့် အောင်လွင် ခေါ် ထားဝယ်ကြီးကို အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။

အောင်လွင် ခေါ် ထားဝယ်ကြီး နေထိုင်သည့် ထားဝယ်မြို့ ကျောက်မော်/ ရှမ္မရပ်ကွက်ရှိ နေအိမ်ကို ၀င်ရောက်ရှာ ဖွေရာ ICE  ၁၀ ဂရမ်ဖမ်းမိသည့် အမှုကို ဧပြီလ ၂၂ ရက်က အမိန့်ချခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသို့ တင်ပို့သည့် ၁ ဒဿမ ၂ တန်နီးပါးရှိ မက်အဖက်တမင်း မူးယစ်ဆေးဝါးများကို ၂၀၁၈ ခုနှစ် မေလက ဖမ်းမိခဲ့သည့်အမှုတွင် ဦးအောင်လွင် သည်ကွင်းဆက် တရားခံအဖြစ် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသူ ဖြစ်သည်။

၎င်း၏ နေအိမ်တွင် ICE မူးယစ်ဆေး ဖမ်းမိသည့်အမှုကို ယမန်နှစ် ဇူလိုင်လ အတွင်းက စတင်တရားစွဲဆိုခဲ့ကြောင်း ထားဝယ်ခရိုင်တရားသူကြီးက ဆိုသည်။

“ICE ၁၀ ဂရမ်ကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားတာပေါ်ပေါက်လို့ အမိန့်ချလိုက်တာ”ဟု ခရိုင်တရားသူကြီးက ပြောသည်။

အောင်လွင်အနေဖြင့် မလေးရှား မူးယစ်အမှု၏ ကွင်းဆက်တရားခံအဖြစ် စွပ်စွဲခံထားရပြီး ၎င်းပိုင်ဆိုင်မှုများကို ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အောင်လွင် ခေါ် ထားဝယ်ကြီး၏ ပိုင်ဆိုင်မှုအဖြစ် ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်ကို ကနဦး စိစစ်တွေ့ရှိပြီး ထိန်းသိမ်းထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Dawei Watch