လွှသွေးဖို့ ခက်တဲ့အခါ

0
1619

ကိုယ့်ခေါင်းထဲကနေ ဘာအကြံဥာဏ်မှ မထွက်တော့တဲ့အခါမျိုးတွေ ကြုံဖူးသလား။

ကျွန်တော်ကတော့ မကြာခဏဆိုသလို ကြုံပါတယ်။

အဲလို ကြုံတဲ့အခါတိုင်းမှာလည်း ငါ့ကိုယ်ငါ ပြန်သဖို့ လိုနေပြီ။ တစ်နည်းအားဖြင့်ဆိုရင် လွှသွေးဖို့ လိုနေပြီဆိုတာကို  တထိတ်တလန့်နဲ့ တွေးမိပါတယ်။

နောက်ပြီး စိတ်အားငယ်မိတာမျိုး ဖြစ်တာလည်း အခါခါပါပဲ။

ငါက ဒိတ်အောက်သွားပြီလား၊ ငါ ကျန်ခဲ့ပြီထင်တယ်။ နောက်ထပ် ငါ လုပ်မှ လုပ်နိုင်ပါဦးမလား စသဖြင့် အတွေးပေါင်းစုံက နှိပ်စက်တော့တာပါပဲ။

ငယ်ငယ်တုန်းကလို အားလပ်ချိန်တွေ သိပ်မများတော့တဲ့အခါမျိုးမှာ၊ အလုပ်တွေ ကြောင့် အရင်လို စိတ်အာရုံတစ်ခုကို အကြာကြီး စုစည်းဖို့ ခက်တဲ့ အခြေအနေမှာ၊ မိသားစုတာဝန် လူမှုရေးတာဝန် နိုင်ငံသား တာဝန်စသဖြင့် တာဝန်တွေ များလာတဲ့ အခါမျိုးမှာ လွှသွေးမယ့်ကိစ္စကို တစ်ခါတလေ မေ့ကို မေ့သွားတတ်ပါတယ်။

တစ်ခါတလေကျပြန်တော့ သတိရတော့ရပါရဲ့။ ဒါပေမယ့် အရေးပေါ်ကိစ္စတွေနဲ့ လုံးခြာလည်ပြီး ပြန်သမယ်လို့ သတိပေးလိုက်၊ မေ့လိုက်နဲ့ အခါခါပါပဲ။

တကယ်တော့ ဒါက လူငယ်ဘ၀ကို ကျော်လွန်ပြီးတဲ့သူ အတော်များများ ပုံမှန်ရင်ဆိုင်ရတဲ့ ကိစ္စပါပဲ။

ကျော်လွှားလို့ မရတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ကျော်လွှားနိုင်မယ့် နည်းတွေကလည်း များမှများပဲ။

ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်သဖို့ လိုနေပြီလို့ တွေးမိတဲ့အခါတိုင်းမှာ အောင်မြင်သူတို့ အချိန်စီမံမှုနဲ့ သူတို့ကိုယ့်ကိုကိုယ် ဘယ်လိုပြန်သ  သလဲဆိုတာတွေကို အင်တာနက်ပေါ်မှာ  ရှာဖြစ်ပါတယ်။ ဒါကတော့ အမြန်ပေါ့လေ။

တစ်ခါတလေတော့လည်း အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို တဖြည်းဖြည်းချင်း အချိန်ပေး ဖတ်ဖြစ်တယ်။

တစ်ခါတလေကျတော့လည်း မိတ်ရင်းဆွေရင်းတွေနဲ့ စကားပြောရင်း သူတို့ကိုယ်သူတို့ ဘယ်လိုပြန်သ သလဲ ဆိုတာ သိရအောင် ကြိုးစားဖြစ်တယ်။

သူတို့ရဲ့ ဖြတ်သန်းမှုတွေ နည်းနာတွေကို သိရတဲ့အခါမှာ ကိုယ့်ကိုကိုယ်ပြန်သဖို့ကို သတိထားပြီး ပိုလုပ်ဖြစ်လာပါတယ်။

အကျင့်တစ်ခုကို ပျိုးထောင်ရာမှာ ၀န်းကျင်ကောင်းက အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေက အချိန်ကို သေချာစီမံပြီး သူတို့ကိုယ် သူတို့နည်းမျိုးစုံနဲ့ ပြန်သနေတယ်ဆိုရင် ကိုယ့်အတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။

အဲလို ၀န်းကျင်မျိုးကို ရဖို့ဆိုတာကလည်း သေချာတည်ဆောက်ယူမှ ရတာမျိုးပါ။

ဒါကြောင့် ငယ်ငယ်ကတည်းက စာဖတ်တဲ့အခြေအနေအထိ မပျိုးထောင်ခဲ့တဲ့ သူတွေက စာဖတ်တဲ့အလေ့အထ ပျိုးထောင်ခဲ့တဲ့ လူတွေထက် ပိုခက်ပါတယ်။ သူ့မှာ ကိုယ့်ကိုကိုယ် ပြန်သမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘ၀ပေးအခြေအနေအရပ်ရပ်က ကဖျက်ကရက် လုပ်သလို သူတည်ဆောက်ထားတဲ့ ၀န်းကျင်ကလည်း ကဖျက်ကရက် လုပ်တာကြောင့်ပါ။

တကယ်တော့ ကိုယ့်ကိုကိုယ် ပြန်သတာအပါအ၀င် အခြားကိစ္စအထွေထွေနဲ့ ပတ်သက်ပြီး ဘ၀လမ်းတစ်လျှောက်မှာ ကြုံရတာတွေကို သေချာပြန်သုံးသပ်တဲ့အခါမှာ အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် ပြန်ကြည့်တတ်ဖို့ပါ။ ကိုယ့်ရဲ့ အရာရာကို အချိန်နဲ့တပြေးညီသိနေဖို့၊ ပစ်္စုပ္ပန်တည့် တည့်မှာရှိဖို့ပါ။ ကိုယ့်ကိုကိုယ် အမှန်မြင်ဖို့ပါ။

အဲဒါက အဓိကကျပါတယ်။

ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့ အလေ့အထရှိမှလည်း ကိုယ့်မှာ အဆီခန်းနေလား မခန်းဘူးလား သေချာသိမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ့်ကိုကိုယ် ပြန်သဖို့ကို သတိရမှာပါ။

တစ်နေ့တစ်ခါ မိနစ်အနည်းငယ်ဖြစ်ဖြစ်၊ တစ်ပတ်တစ်ခါ မိနစ်အနည်းငယ်ဖြစ်ဖြစ် မျက်လုံးလေးမှိတ်ပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်တာမျိုးသာ လုပ်မယ်ဆိုရင် ခုနက ပြန်သတာမျိုးကို အလေ့အထဖြစ်ဖို့ ခက်နေတာအတွက် များစွာအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်။          ။

မက်အိမ်