အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

0
1116

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ကပြောသည်။

တနင်္သာရီတိုင်းရှိ အဠမတန်းနှင့် န၀မတန်းကျောင်းသား၊ ကျောင်းသူများကိုခေါ်ယူထားခြင်းဖြစ်ပြီး ယင်းအား/ကာ သိပ္ပံတွင် အားကစားပညာအပြင် အခြေခံပညာကျောင်းစာများကိုပါသင်ကြားပေး မည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်ကပြောသည်။

အားကာသိပ္ပံတက်မည့်ကျောင်းသားများကို ကိုယ်ကာယကြံ့ခိုင်မှု၊ ကျန်းမာရေးကောင်းမွန်မှု၊ အရပ်အမောင်း၊ ပညာရေး ထူးချွန်မှု စသည့်အချက်များကိုကြည့်ကာ ရွေးချယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အား/ကာသိပ္ပံတက်ရောက်မည့် ကျောင်းသူကျောင်းသားများအား သက် ဆိုင်ရာအား/ကာသိပ္ပံတာဝန်ရှိသူများက ယခုနှစ်အတွင်း လာရောက်ရွေးချယ်ထား ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်အားကစားနည်းအတွက်ဆိုပြီး ဒီကသတ်မှတ်ပြီးရွေးတာမဟုတ်ဘူး။ အားကာသိပ္ပံကိုရောက်မှ ဘယ်သူက ဘယ်အားကစားနည်းနဲ့သင့်တော်တယ်ဆိုပြီး အား/ကာသိပ္ပံကလူတွေရွေးတာ”ဟု ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းအား/ကာသိပ္ပံကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပါက အားကစား ဘာသာအထူးပြုဖြင့် တက္ကသိုလ်ဆက် တက်ခွင့်ရမည်ဖြစ်ပြီး B.Sc(Sport)  အားကစားဘွဲ့ရရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ထံမှ သိရသည်။

လက်ရှိ တနင်္သာရီတိုင်းကစားသမား များမှာ ရန်ကုန်အား/ကာသိပ္ပံတွင် ၂၁ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတွင် ၅၃ ဦး တက်ရောက်လျှက်ရှိသည်။

ကျော်သူစိုး