ထားဝယ်ဈေးကွက်တွင် ဘိလပ်မြေ မလောက်

0
515

ထားဝယ်ဒေသသို့ ဘိလပ်မြေ ၀င်ရောက်မှုမှာ လက်ရှိလုပ်ငန်းခွင်များအတွင်း လိုအပ်မှုကို မကာမိသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ အခက် တွေ့နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ဘိလပ်မြေအရောင်းဆိုင်တချို့ထံမှ သိရသည်။

ထားဝယ်ခရိုင်သို့ ဘိလပ်မြေ၀င် ရောက်မှုမှာ ပုံမှန်ဖြစ်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များ မိုးမကျမီ ပြီးစီး စေရန် ပြိုင်တူလုပ်ဆောင်နေကြသဖြင့် ဘိလပ်မြေသုံးစွဲမှုက ဘိလပ်မြေ၀င်ရောက် မှုထက် များစွာပိုများနေကြောင်း ပြောဆို ကြသည်။

လတ်တလောတွင် အစိုးရတင်ဒါဖြင့် လုပ်ဆောင်သောလုပ်ငန်းကြီးများ ပိုမိုများပြားပြီး  ကွန်ကရစ်လမ်းခင်းလုပ်ငန်း ကလည်း ယခုနှစ်တွင် ပိုမိုများပြားကာ ကွန်ကရစ်လမ်းက ဘိလပ်မြေများစွာ သုံးစွဲရသဖြင့် ဘိလပ်မြေ ပြတ်လပ်ပြီး အချို့လုပ်ငန်းခွင်များ မကြာခဏ ရပ်ထားရသည်အထိ အခက်တွေ့နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောကြသည်။

“လုပ်ငန်းများပြီး အားလုံးက မိုးမကျမီ ပြီးအောင် တပြိုင်တည်း လုပ်သလိုဖြစ်နေလို့ပါ”ဟု ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ပြောသည်။

ထားဝယ်ဈေးကွက်သို့ ထိုင်းနိုင်ငံထုတ် ဆင်နီတံဆိပ် ဘိလပ်မြေနှင့် မြန်မာ နိုင်ငံထုတ် ကြံ့တံဆိပ် ဘိလပ်မြေတို့ ၀င်ရောက်နေပြီး ဘိလပ်မြေ ကိုယ်စားလှယ် ယူကာ ဖြန့်ဖြူးသည့်ကုမ္ပဏီများက ပုံမှန်တင်သွင်း ဖြန့်ဖြူးနေကြကြောင်း အထက်ပါ ကုမ္ပဏီပိုင်ရှင်က ပြောသည်။

တစ်နိုင်တစ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို လက်ကားပြန်ရောင်းချသည့် ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်း အရောင်းဆိုင် များသည်လည်း ဘိလပ်မြေ ကို သင်္ကြန်မတိုင်မီကာလမှ စ၍ လိုသလောက် မှာယူမရ ဖြစ်နေကြောင်း ထားဝယ် လွှမ်းမိုးသူ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

“သုံးအားနဲ့ ဘိလပ်မြေ၀င်အား မမျှဘူး၊ ဒီတော့ ဆိုင်တွေမှာ ပြတ်ကုန်တယ်၊ လုပ်ငန်းကြီးတွေအတွက် မပြောနဲ့၊ တစ်နိုင်တစ်ပိုင်အိမ်တွေ ဆောက်တာအတွက်တောင် အလုံအလောက် မရဘူး”ဟု ၎င်းဆိုင်ရှင်က ပြောသည်။

ထားဝယ်ဈေးကွက်အတွင်း ဘိလပ်မြေဈေးမှာ ဆင်တံဆိပ်(ထိုင်း)တစ်အိတ်လျှင် ပုံမှန်အားဖြင့် ၆၂၀၀ ကျပ်ဝန်းကျင်မှ ယခုအချိန်တွင် ၆၇၀၀ ၀န်းကျင်၊ ကြံ့တံဆိပ် (မြန်မာ)တစ်အိတ်လျှင် ၅၇၀၀ ကျပ်ဝန်း ကျင်မှ ယခုအချိန်တွင် ၆၂၀၀ ကျပ်ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။  

Dawei Watch