Safe House တွင် သုံးနှစ်အတွင်း လာရောက်တည်းခိုသူ ငါးဆယ်ကျော်ရှိ

0
595

သက်ငယ်မုဒိမ်းးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်းကူးမှု စသည့်မှုခင်းများကြောင့် ထားဝယ်အမျိုးသမီးသဂ်္ဂက ဖွင့်လှစ်ထားသည့် Safe House တွင် လာရောက်တည်းခိုသည့် အမျိုးသမီးဦးရေမှာ သုံးနှစ်ကျော်ကာလအတွင်း ၅၂ ဦးရှိကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။

Safe House (လုံခြုံသောအိမ်)ကို အကြမ်းဖက်ခံရသည့် အမျိုးသမီးများ အခမဲ့(ခေတ္တ)တည်းခိုနိုင်စေရန်အတွက်  အမျိုးသမီးသမဂ္ဂ၏ အစီအစဉ်ဖြင့်ဖွင့်လှစ် ထားခြင်းဖြစ်သည်။

Safe House  ကို ထားဝယ်နှင့် မြိတ်မြို့တွင် ဖွင့်လှစ်ထားပြီး ထားဝယ်မြို့တွင် ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မြိတ်မြို့တွင် ၂၀၁၈ ခုနှစ်ကလည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂထံမှ သိရသည်။

ယင်း Safe House နှစ်ခုတွင် လာတည်းခိုသူဦးရေမှာ ၂၀၁၆ ခုနှစ်တွင် ၁၃ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၆ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၂၀ ဦးနှင့်  ၂၀၁၉ ခုနှစ် မတ်လ အထိ ၁၃ ဦး စုစုပေါင်း ၅၂ ဦး ရှိကြောင်း အထက်ပါသမဂ်္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်မာလာက ပြောသည်။

“Safe House မှာ လာတည်းတာက ခေတ္တယာယီ လာတည်းခိုတာပေါ့နော်။ ဥပမာ လင်မယားချင်းရန်ဖြစ်ပြီး ဒီမှာ ခဏလာပြီးရှောင်နေတာမျိုးပေါ့။ နေတာကတော့ သူနေချင်တဲ့အချိန်အထိ နေလို့ရတယ်။ အများဆုံးကတော့ သုံးလအထိ နေကြတာရှိတယ်”ဟု ဒေါ်မာလာက ပြောသည်။

Safe House တွင် လာရောက် တည်းခိုသူများကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မူများ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အစားအသောက် ထောက်ပံ့ပေးခြင်း၊ တရားရုံးကိစ္စများကို ဥပဒေဆိုင်ရာ အကြံပေးခြင်း၊ လိုအပ်ပါက ထားဝယ်အမျိုးသမီးသမဂ္ဂ၏ ရှေ့နေဖြင့် အမှုလိုက်ပါဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂထံမှ သိရသည်။

ကျော်သူစိုး