မြိတ်ဆေးရုံသို့ ကျပ်သိန်းငါးရာကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများလှူ

0
700
လှူဒါန်းထားသောပစ္စည်းများဖြင့် စမ်းသပ်ကုသနေစဉ်။ ဓာတ်ပုံ - ကိုဆန်း

မြိတ်အခြေစိုက် Vantage ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီတို့ ပူးပေါင်းပြီး မြိတ်ခရိုင် ဆေးရုံကြီးသို့ ကျပ်သိန်း ငါးရာကျော်တန်ဖိုးရှိ ဆေးရုံသုံးသွားဘက်ဆိုင်ရာ ပစ္စည်းများကို ဧပြီလ ၂၉ ရက်က လှူဒါန်းခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက်မိတ်ဖက် ကုမ္ပဏီဖြစ်သည့် N.H FISHMEAL Co.,Ltd နှင့် ပူးပေါင်း လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း Vantage ကုမ္ပဏီထံမှ သိရသည်။

“လှူဒါန်းတဲ့ပစ္စည်းတွေက အမျိုးအစား ၅၀ ကျော်ရှိပြီး အားလုံးက သွားဘက်ဆိုင်ရာ ကုသရေးဌာနသုံး ပစ္စည်းတွေပါ”ဟု Vantage ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။

မြိတ်အခြေစိုက် Vantage ကုမ္ပဏီသည် မြိတ်တောင်ကျေးရွာအုပ်စု အင်းလေး မြိုင်စက်မှုဇုန်အတွင်း တည်ရှိုပြီး ယင်း ကုမ္ပဏီမှ တိရစ္ဆာန်အစာဖြစ်သည့် ငါးအမှုန့်များကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကာ အိမ်အမိုး သွပ်ပြားများကိုလည်း ထုတ်လုပ်၍ ပြည်တွင်း၌ရောင်းချနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ငါးအမှုန့်ကြိတ်စက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် ဒေသခံများ၏ ဝေဖန်မှု ကိုခံရသည့် ကုမ္ပဏီများအနက် Vantage ကုမ္ပဏီလည်း တစ်ခုအပါအ၀င်ဖြစ်သည်။

ကိုဆန်း