မြိတ်လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ်၂၆၀ နှုန်း မပေးနိုင်သေးဟုဆို

0
774

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်က တင်ဒါအောင်မြင်ထားသည့် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၂၆၀ နှုန်းဖြင့်  သတ်မှတ်ထားသည့် မေလတွင် မပေးနိုင်သေးကြောင်း မြိတ်အများပိုင်မှ စီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

မြိတ်အများပိုင်ကုမ္ပဏီသည် မေလ ၁ ရက်မှ စ၍ ကျပ် ၂၆၀ နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည်ဟု ထုတ်ပြန်ထားသည်။

မြိတ်မြို့နယ်အတွက် ၃၀ မဂ္ဂါဝပ်ထုတ် တစ်ယူနစ် ၂၆၀ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် ၂၀၁၈ ခုနှစ် ဧပြီလ ၁၁ ရက်က ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ မြိတ်အများပိုင်ကော်ပိုရေးရှင်းကို ရွေးချယ်အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

တစ်ယူနစ်လျှင် ၂၆၀ ကျပ်နှုန်းဖြင့် ဓာတ်အားမဖြန့်ဖြူးနိုင်သေးသည့် အကြောင်းရင်းအား နိုင်ငံတော်သမ်္မတ၏ မြိတ်ခရီးစဉ်အပြီးတွင် မီဒီယာများအား ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

လက်ရှိတွင် မြိတ်အများပိုင်နှင့် Golden Green Energy Company (GGE)တို့ ပူးပေါင်းဆောင်ရွက်နေသည့် Myeik Green Energy Power Generation and Distribution (မြိတ် စိမ်းလန်းစွမ်းအင်ကုမ္ပဏီ)က ပြီးခဲ့သည့် မတ်လမှစပြီး ဓာတ်အား စတင်ဖြန့်ဖြူးခဲ့သည်။

မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက မတ်လအတွက် တစ်ယူနစ်လျှင် ၃၉၀ ကျပ်နှုန်းကောက်ခံခဲ့ပြီး ယခု ဧပြီလအတွက် တစ်ယူနစ်လျှင် ၃၈၀ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ယင်းကဲ့သို့ မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီက ဒီဇယ်အင်ဂျင်ဖြင့် ဖြန့်ဖြူးသည့် အစီအစဉ်သည် တစ်ယူနစ် ၂၆၀ ကျပ်နှုန်း ဖြင့် ဖြန့်ဖြူးမည့်အချိန် မတိုင်ခင် ကြားကာလတွင် အစားထိုးဖြန့်ဖြူးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၇ ရက်က မြိတ်အများပိုင်ရုံး တွင်ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ဆွေးနွေးပွဲတွင် ဦးမျိုးအောင်က မီဒီယာများအား ပြောဆိုထားသည်။

တစ်ယူနစ် ၂၆၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးရမည့် ကာလသို့ရောက်ရှိနေပြီဖြစ် သော်လည်း  ၃၈၀ ကျပ်နှုန်းဖြင့်ကောက်ခံ နေသဖြင့် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်းများနှင့် လျှပ်စစ်မီးသုံးစွဲသူတို့အကြား ဝေဖန်မှုများ ရှိနေခဲ့သည်။

“သူတို့(အများပိုင်)က လုပ်ပိုင်ခွင့် ရထားတော့ ကြိုက်သလိုလုပ်မယ့်ပုံစံမျိုး ရှိနေတယ်”ဟု မြိတ်အခြေစိုက် ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အများပိုင်က တစ်ယူနစ်လျှင် ၂၆၀ ကျပ်နှုန်းဖြင့် ဓာတ်အားများ ထုတ်လုပ် ဖြန့်ဖြူးမည်ဟုဆိုခြင်းကြောင့် ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်း ၉ ဖွဲ့က လုပ်ငန်းများ ရပ်ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းမီးလင်းရေးလုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

မြိတ်အများပိုင်က မြိတ်မြို့နယ် အတွင်း ၈ မဂ္ဂါဝပ်အင်ဂျင် ၄ လုံးဖြင့် မဂ္ဂါဝပ် ၃၀ အတွက် FO (ရေနံမဲပျော်ဝင်ဆီ) လောင်စာအသုံးပြုပြီး ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဥက္ကဋ္ဌ ဦးလှသန်း က ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ပြောဆိုထားသည်။

မြင့်မိုရ်(မြိတ်)