ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အင်တာဗျူး အပိုင်း- ၃

0
1305

ဝန်ကြီးချုပ်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ရာထူးမှရပ်စဲပြီးနောက် နိုင်ငံတော်သမ်္မတက တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၀န်ကြီးချုပ်သစ် ဦးမြင့်မောင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တနင်္သာရီအပတ်စဉ်မှ မတ်လ ၂၉ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်ကို တနင်္သာရီစာဖတ်ပရိသတ် သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

တနင်္သာရီ။        ။ ဒေါက်တာလဲ့လဲ့မော် ၀န်ကြီးချုပ်လက်ထက်က တိုင်းတွင်း လျှပ်စစ်အတွက် မတူညီတဲ့ အရင်းအမြစ်တွေကနေ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးမယ်လို့ မူဝါဒ ချထားကြောင်း ပြောခဲ့တယ်။အဲဒီမူဝါဒ ဘယ်လောက်ထိ အောင်မြင်ခဲ့လဲ။ ခုရော အဲဒီမူဝါဒအတိုင်းပဲလား။

ဝန်ကြီးချုပ်။   ။ အဓိကကတော့ ယခင် ၀န်ကြီးချုပ် ဆောင်ရွက်ခဲ့တဲ့ဟာ တွေပေါ်မှာ မူတည်ပြီးတော့ပဲ တချို့ဟာ တွေကျတော့ လျှပ်စစ်ဆိုရင် လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လျှပ်စစ်ဌာနအပါ အ၀င်ပေါ့နော်။ အခု လျှပ်စစ်ဝန်ကြီးတို့နဲ့ပါ သေချာပြန်လေ့လာသုံးသပ်ရမှာ ပေါ့နော်။ တစ်ခုလုံးအပေါ်မှာ ခြုံငုံပြီး ဆောင်ရွက် ချင်တဲ့ဟာကတော့ နံပါတ်တစ် အချက်အနေနဲ့ လျှပ်စစ်မီးကို အတိုင်းအတာ တစ်ခုအထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်ဖို့ လိုတယ်။ ပြီးရင် မှန်ကန်တဲ့ နှုန်းထား ပေါ့နော်၊ မှန်ကန်တဲ့နှုန်းထားဆိုတဲ့ဟာက ရှေ့မှာ သင်ခန်းစာယူရမယ်ဟာတွေ ရှိတယ်ပေါ့နော်။ တင်ဒါတော့ ခေါ်လိုက်တယ်။ တင်ဒါရရှိရေးကိုပဲ ဦးတည်ပြီးတော့ မဖြစ်နိုင်တဲ့ဈေးတွေ ပေးပြီး ယူသွားကြတယ်။ ဒါပေမယ့် ရေရှည်ကျတော့ ဒီဈေး တွေနဲ့ မလုပ်နိုင်ဘူး။ ဒါက ဒီအပေါ်မှာ မြင်တာကတော့ ပြည်သူလူထုကို တလွဲ မျှော်လင့်ချက်ပေးတာပဲ။ ဒါမဖြစ်သင့်ဘူး ပေါ့။ အဲဒါကို တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ နှုန်းထားဆိုတဲ့ဟာ..။

မှန်ကန် နေရမှာပေါ့၊ မီးရရှိမှုအတိုင်းအတာတွေကအစပေါ့နော်။ မီးမှန်ဖို့ပေါ့။ ဒါကလည်း တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းကတော့ ကာလတစ်ခုပေါ့။ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ်။ မဖြစ်နိုင်တဲ့ဈေးတွေနဲ့ ပြောပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် ဈေးက အပြောင်းအလဲဖြစ်သွားပြီ၊ ဈေးက တက်သွားပြီဆိုရင် ပြည်သူဘက်ကလည်း ယုံကြည်မှု ထိခိုက်နိုင်ပါတယ်။ လတ်တလော အနေနဲ့တော့ ဒီလိုမျိုးပဲ မူဝါဒ ချထားပါ တယ်။ ကိုယ့်ဒေသနဲ့ လိုက်လျောညီထွေတဲ့ လျှပ်စစ်မူဝါဒတစ်ခုအနေနဲ့ပေါ့။ ဒီလိုမျိုး ချထားပါတယ်။

တနင်္သာရီ။        ။ ထားဝယ်ခရိုင် လျှပ်စစ်အတွက်ကို ဒေသခံတွေ စိုးရိမ်နေတာ ရှိတယ်ပေါ့ခင်ဗျာ။ လက်ရှိ တာဝန်ယူ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီက တာဝန်ရှိတဲ့ပုဂ်္ဂိုလ်တွေက အဂတိအမှု ရင်ဆိုင်နေရပြီး ထောင်အချုပ်ထဲ ရောက်နေတဲ့အချိန်ပေါ့နော်။ ဒီဘက်မှာ လျှပ်စစ်ကို ရပ်လိုက်မလားပေါ့။ ဖြတ်ချ လိုက်မလားပေါ့။ ဒါမျိုးတွေ တွေးပူနေတာလည်း ရှိတယ်ပေါ့။ အဲဒီအတွက်ရော ဘာများပြောနိုင်မလဲခင်ဗျ။

ဝန်ကြီးချုပ်။   ။ ဒီအတွက်လည်း ကျွန်တော်တို့က သက်ဆိုင်ရာကုမ္ပဏီနဲ့ ဒီကြားကာလတစ်ခုမှာ လျှပ်စစ်ကို ရပ်ဆိုင်းသွားခြင်း မရှိအောင် ကြိုတင်ပြီးတော့ ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ အကယ်၍များ ရပ်ချလိုက်ပြီဆိုရင်လည်း အတတ်နိုင်ဆုံး အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်မယ့် နည်းလမ်းတွေလည်း ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားတဲ့ဟာ တွေလည်း ရှိပါတယ်။

တနင်္သာရီ။        ။ ပြောချင်တာက ဒုတိယအစီအစဉ် ရှိတယ်ပေါ့။

ဝန်ကြီးချုပ်။   ။Plan – B ။ ရှိပါတယ်။

တနင်္သာရီ။        ။ GGS ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲမှာ ပြောတာ ရှိပါတယ်။ သူတို့နဲ့ MOGE နဲ့ တိုက်ရိုက် ချုပ်ဆိုထားတဲ့ စာချုပ် မရှိပါဘူးတဲ့။ သူတို့နဲ့ ချုပ်ထားတဲ့ အစိုးရနဲ့ပတ်သက်တဲ့ စာချုပ်သည် တိုင်းအစိုးရနဲ့ ချုပ်ထားတဲ့ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေး သဘောတူ စာချုပ်ပေါ့၊ အဲဒီတစ်ခုပဲ ရှိတယ်ပေါ့။ ဗဟိုက ပြောလာတာ ရှိတယ်ပေါ့နော်။ GGS ကုမ္ပဏီက ပြည်ထောင်စုအစိုးရကို ပေးဖို့ကျန်နေတဲ့ ဂက်စ်ဖိုး ၉ ဘီလီယံ ကျော်ကို တိုင်းအစိုးရကပဲ တာဝန်ယူပြီး တောင်းပေးရ မယ်လို့ ပြည်ထောင်စုက ပြောထားတာရှိတယ်။ အဲဒီကိစ္စကိုရော ဘယ်လို ဆက်လုပ် သွားဖို့ရှိလဲ။

ဝန်ကြီးချုပ်။   ။ အဲဒါတော့ ကျွန်တော်အနေနဲ့ ဒီစာချုပ်စာတမ်းတွေ သေသေချာချာ လေ့လာပြီးတော့မှ ဖြေတာက ပိုပြီး သင့်တော်မယ်ထင်ပါတယ်။

တနင်္သာရီ။        ။ ၀န်ကြီး ၃ ဦး အစားထိုးလိုက်တာ တွေ့ရတယ်။ အဲလို အစားထိုးလိုက်တာ တိုင်းအစိုးရအဖွဲ့ အတွက် ဘယ်လောက်အကျိုးသက် ရောက်မှုရှိမယ် မျှော်လင့်ထားလဲ။

ဝန်ကြီးချုပ်။  ။ ၀န်ကြီး ၃ ယောက်နဲ့ ပတ်သက်ပြီးတော့ သူ့သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ နိုင်လိမ့်မယ်လို့တော့ ကျွန်တော်တို့အနေ နဲ့ ယုံကြည်ပါတယ်။ ပြီးရင် ဒီဝန်ကြီး ၃ ယောက်ဆိုတဲ့ဟာကလည်း ချက်ချင်းကြီး ၀န်ကြီးအဖြစ် တာဝန်ပေးအပ်ထား တဲ့လူတွေလည်း မဟုတ်ဘူး။ သက်ဆိုင်ရာ လွှတ်တော်ကော်မတီအသီးသီးမှာ တာဝန်ယူပြီးတော့ ဒီဘက်မှာ တာဝန်လွှဲပြောင်းထမ်းဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဖြစ်တယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ကတော့ ဒါ လုပ်ငန်းပိုင်းဆိုင်ရာ သူတို့မှာလည်း သူတို့အတိုင်းအတာနဲ့၊ သူတို့အတွေ့ အကြုံနဲ့ သူတို့ ရှိပြီးသားပေါ့နော်။ အဲဒီတော့ ဒီဟာအပေါ်မှာ မူတည်ပြီးတော့ပဲ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမယ် ဆိုရင်တော့ တိုင်းဒေသကြီးအတွက် ကတော့ အများကြီး အဆင်ပြေနိုင်ပါတယ်။

တနင်္သာရီ။        ။ အခုဆိုရင် တိုင်းအစိုးရအဖွဲ့က အပြောင်းအလဲ တော်တော်လုပ်လိုက်တယ်ပေါ့နော်။ ၀န်ကြီး ၃ နေရာပြောင်းတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ၀န်ကြီးချုပ်နေရာ ပြောင်းတယ်ပေါ့နော်။ လက်ရှိတိုင်းအစိုးရအဖွဲ့ကို အားရတယ်လို့ ပြောနိုင်လားခင်ဗျ။

ဝန်ကြီးချုပ်။   ။ ဒါကတော့ ဟို..(ရယ်လျက်)ကျွန်တော်ပြောတာထက် ပြည်သူကနေ ဆုံးဖြတ်တာကတော့ ပို မှန်ကန်လိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အချိန်ပေးဖို့တော့ မေတ္တာရပ်ခံလိုပါ တယ်။

တနင်္သာရီ။        ။ ၀န်ကြီးတွေကို တာဝန်ခံရတဲ့ ၀န်ကြီးချုပ်တစ်ယောက် အနေနဲ့ လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်လုပ်ကိုင်သွားမလဲ။

ဝန်ကြီးချုပ်။   ။ ဒီမှာရှိတဲ့ ၀န်ကြီး တွေကလည်း အကုန်လုံး ကျွန်တော်တို့ရဲ့ ပါတီရဲ့လုပ်ငန်းတွေ လုပ်စဉ်ကာလက အတော်များများကတော့ လုပ်ဖော်ကိုင် ဖက်တွေပဲ။ ပြီးရင်လည်း ဒီအစိုးရအဖွဲ့၊ ဒီလွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံ တယ်ဆိုတာကလည်း ကျွန်တော်တို့တိုင်း ဒေသကြီးရဲ့ တိုးတက်ရာတိုးတက် ကြောင်းတွေ ဆောင်ရွက်ဖို့ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ရွေးချယ်ခံကြတယ်၊ တာဝန်တွေ ယူကြတယ်။ တစ်ဖက်မှာ လည်း တာဝန်ယူမှုအပေါ်မှာ ကျွန်တော်တို့ တာဝန်ခံရတဲ့အပိုင်းတွေလည်း ရှိမှာပေါ့နော်။ အဲဒီတော့ ကိုယ့်တာဝန် ကိုယ် ကျေကျေပွန်ပွန်နဲ့ တာဝန်ခံပြီးတော့ ဆောင်ရွက်နိုင်တဲ့ပုဂိ္ဂုလ်တွေ ဖြစ်ဖို့လည်း၊ ဖြစ်လိမ့်မယ်လည်း ကျွန်တော့်အနေနဲ့ မျှော်လင့်တယ်။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ လုပ်ဖော်ကိုင်ဖက် တွေအနေနဲ့ပေါ့နော်၊ သက်ဆိုင်ရာကဏ္ဍလိုက် ကဏ္ဍအလိုက်တွေမှာ တိုင်ပင် ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ချက်တွေချပြီးတော့ အကောင်အထည်ဖော်သွားမယ်ဆိုရင်တော့ လုပ်ငန်းအရွေ့မှာ ပိုပြီးတော့ ရွေ့လာနိုင်မယ်လို့လည်း ယူဆပါတယ်။ သို့သော်လည်းပဲ တာဝန်ခံမှု တာဝန်ယူမှုကတော့ သူ့ရဲ့ တာဝန်အပေါ်မှာမူတည် ပြီးတော့ အကုန်လုံးကတော့ ရှိဖို့တော့ လိုပါတယ်။

တနင်္သာရီ။        ။ ဒေါက်တာလဲ့လဲ့မော် ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့က တိုင်းလွှတ်တော်နဲ့ အပြန်အလှန် ထိန်းညှိမှုမှာ အဖုအထစ်တွေ ရှိခဲ့တယ်။ ဦးမြင့်မောင်အနေနဲ့ တိုင်းလွှတ်တော်နဲ့ ဘယ်လို အပြန်အလှန် ထိန်းညှိဖို့၊ အဖု အထစ်လေးတွေကို ဘယ်လို ကုစားမလဲ။

ဝန်ကြီးချုပ်။   ။ အပြန်အလှန် ထိန်းညှိရေးအပိုင်းဆိုတဲ့ဟာမှာ ရှေ့ပိုင်း ကာလတွေမှာလည်း တွေ့နိုင်တယ်ပေါ့ နော်။ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဆိုတဲ့ဟာ ကတော့ လွှတ်တော်ကလည်း လွှတ်တော်တာဝန် သတ်သတ်မှတ်မှတ် ရှိပါတယ်။ အစိုးရအဖွဲ့ကလည်း အစိုးရအဖွဲ့တာဝန်တွေ၊ လုပ်ငန်းစဉ်တွေ မူဝါဒတွေ သတ်သတ် မှတ်မှတ် ရှိပြီးသားဖြစ်ပါတယ်။ အဲဒီ တော့ ဥပဒေနဲ့ မညီတဲ့ဟာတွေ၊ မူဝါဒ တွေနဲ့ မညီတဲ့ဟာတွေ၊ ပြည်သူကို မျက်နှာမမူတဲ့ဟာတွေဆိုရင် လွှတ်တော်ကတော့ ထိန်းညှိနေရမှာပဲ၊ ထောက်ပြ နေရမှာပဲ။ လွှတ်တော်နဲ့ အစိုးရဆိုတဲ့ ဟာကတော့ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ပေါ့နော်။ ဒီလိုမျိုးနဲ့ သွားဖို့ အတွက်လည်း ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ ဒီလိုမျိုးလည်း ရည်ရွယ် ထားပါတယ်။

တနင်္သာရီ။        ။ ဒေါက်တာ လဲ့လဲ့မော် လက်ထက်က သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး မပြေလည်ခဲ့တာတွေ ရှိတယ်။ ဦးမြင့်မောင်လက်ထက်ရော ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်မယ် ရည်ရွယ်ထားလဲ။

ဝန်ကြီးချုပ်။   ။ ကျွန်တော်တို့က ဒီမိုကရေစီကို သွားနေတယ်၊ ပြည်သူကို မျက်နှာမူရတာကိုး၊ ပြည်သူ့အတွက်ပဲ နောက်ဆုံးကတော့။ ပြည်သူ့အတွက်ဘာတွေ အကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတဲ့ဟာ ဒီမှာရှိတဲ့ မဏ္ဍိုင်တွေပေါ့။

ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင် အပါအ၀င်၊ ဥပဒေပြုရေးမဏ္ဍိုင်ရှိတယ်၊ တရားစီရင်ရေးမဏ္ဍိုင်ရှိတယ်၊ နောက် ထပ်တစ်ခါ ထပ်ပြီးတော့ မရှိမဖြစ်၊ ဒီမိုကရေစီမှာ ရှိနေတဲ့ဟာဒီ သတင်းမီဒီယာ။ သူ့မဏ္ဍိုင်တွေ ရှိတာကိုး။

ဒီတော့ အဲဒီမဏ္ဍိုင်တွေက ကျွန်တော်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင် သည်ဖြစ်စေ၊ မဏ္ဍိုင်အရ ကိုယ်က အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ကိုတော့ ကျွန်တော်ကတော့ အသိအမှတ်ပြုရမှာပဲ။ လက်ခံရမှာပဲ။ အဲတော့ ဒါကို ကျွန်တော်တို့က လုံးဝ ကျောခိုင်းလို့ မရဘူး။ အပြန်အလှန် ထိန်းညှိတဲ့ပုံစံမျိုးနဲ့ပဲ သွားရမှာပဲ။ နောက်ဆုံးကတော့ ပြည်သူ့အတွက်ဆိုတဲ့ ပြည်သူကို မျက်နှာမူပြီးသွားကြရင်တော့ သိပ်ပြီးတော့ သဘောထားကွဲလွဲစရာ မရှိဘူးလို့ထင်တယ်။ တချို့ဟာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ မဏ္ဍိုင် တစ်ခုနဲ့ တစ်ခုကလည်း အကုန်လုံး ပြည့်စုံချင်မှ ပြည့်စုံမယ်။ အားသာချက်တွေ အားနည်းချက်တွေ ရှိမယ်။ တစ်ချို့ ဟာတွေကျတော့လည်း မလိုလားအပ်တဲ့ ထောက်ပြထိန်းကျောင်းမှုမျိုးပေါ့နော်။ ဒါတွေလည်း ရှိကောင်း ရှိမှာပဲ။ ဒါကတော့ ပြည်သူက သိပါတယ်။ ဘယ်မဏ္ဍိုင် ကတော့ဖြင့် ဘယ်လိုမျိုး တိမ်းစောင်းနေတယ်၊ ဘယ်လိုမျိုး လွဲချော်နေတယ်ဆိုတဲ့ဟာ ပြည်သူက သိမှာ ဖြစ်ပါတယ်။ အဲဒီတော့ နောက်ဆုံးကတော့ ပြည်သူရဲ့ အဆုံးအဖြတ်ပါပဲ။ ပြည်သူရဲ့ မှတ်ကျောက် တင်တာကိုတော့ အကုန်လုံးကတော့ ခံရမှာပါပဲ။

တနင်္သာရီ။        ။ ဟုတ်ကဲ့ဗျ၊ ၀န်ကြီးချုပ်သစ်တစ်ယောက်အနေနဲ့ တနင်္သာရီတိုင်းသူတိုင်းသားတွေကို ဘာ များပြောချင်ပါသလဲ။

ဝန်ကြီးချုပ်။   ။ အထူးတလည်တော့ မရှိပါဘူး။ အတတ်နိုင်ဆုံးပေါ့နော်၊ ပြည်သူကို ပွင့်ပွင့်လင်းလင်းနဲ့၊ ရိုးရိုး သားသားနဲ့ ဆက်ဆံပါမယ်။ ကျွန်တော့် အားနည်းချက်တွေ ရှိရင်လည်း သက်ဆိုင်ရာ မဏ္ဍိုင်တွေကနေတစ်ဆင့် ဖြစ်ဖြစ်၊ တွေ့ဆုံပွဲနေကတစ်ဆင့်ပဲ ဖြစ်ဖြစ် အကြံ ပြုနိုင်ပါတယ်၊ အကြံပြုပေးပါလို့လည်း ဖိတ်ခေါ်ပါတယ်။        ။

Dawei Watch