ထားဝယ်ထီဆိုင်တစ်ခုတွင် ထီလက်မှတ်တစ်စောင် သိန်းငါးထောင်ဆုပေါက်နေ၊ ထီပေါက်သူအား မသိရသေး

0
2872

ထားဝယ်မြို့ရှိ DELUXE III(ထားဝယ်) ပင်ရင်း ထီဆိုင်တွင် ၃ ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များအနက် လက်မှတ်တစ်စောင်မှ ကျပ်သိန်းငါးထောင်ဆုပေါက်နေသော်လည်း ကံထူးရှင်ကို မေလ ၇ ရက်အထိ မသိရသေးကြောင်း ယင်းထီဆိုင်ထံမှ သိရသည်။

ထီလက်မှတ် နံပါ ဗ ၆၂၆၂၈၆ သည် မိုးယံထီပင်ရင်းရုံးတွင် ဝယ်ယူချိန်က ပါဝင်သော်လည်း DELUXE III(ထားဝယ်ပင်ရင်း) ထီဆိုင်တွင် တစ်ဦးချင်းလာရောက်ဝယ်ယူထားသည့် အမည်၊ ဖုန်းနံပါတ်စာရင်းတွင် ပါဝင်ခြင်းမရှိဟု ယင်းထီဆိုင်ပိုင်ရှင်မစုဝေဖြိုးက ပြောသည်။

DELUXE ထီဆိုင်တွင် ဆိုင်ခွဲ ၆ ဆိုင်အပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များတွင် ထီကိုယ်စားလှယ်ဦးရေ ၉၀ ခန့်နှင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် ကိုယ်စားလှယ်များရှိကြောင်း ၎င်းက ဆိုသည်။

သို့သော် ယင်းထီဆိုင်ခွဲနှင့် ကိုယ်စားလှယ်များက ရောင်းချထားသည့် စာရင်းတွင်လည်း ကျပ်သိန်းငါးထောင်ပေါက်နေသည့် နံပါတ် ပါဝင်ခြင်းမရှိဟု  မစုဝေဖြိုးက ဆိုသည်။

“ရောင်းထားတဲ့အထဲမှာ တကယ်မတွေ့တာလည်း ဖြစ်နိုင်တယ်၊ တစ်ချို့ကလည်း ခိုးထားလို့ သူ ခိုးထားတဲ့ထဲက ပါနေလို့ပဲ မပြောရဲတာလား၊ နည်းမျိုးစုံပဲ စဉ်းစားနေတယ်” ဟု မစုဝေဖြိုးက ဆိုသည်။

ကျပ်သိန်း ၅၀၀၀ ဆုကြီး၏ ကံထူးရှင်ကို မသိရသေးသည့်အတွက် ထီလက်မှတ်ပိုင်ရှင်အနေဖြင့် အမြန်ဆုံးဆက်သွယ်ရန်နှင့် ထီထိုးသူများ ထီတိုက်ကြရန် DELUXE III (ထားဝယ် ပင်ရင်း) ထီဆိုင်တွင် ကြေညာထားသည်။

ထီပေါက်သည့် ဆုမဲများကို ၁ နှစ်ပြည့်သည်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနက ထုတ်ပြန်ထားသည်။

Dawei Watch