တနင်္သာရီတိုင်းကိစ္စ သမ္မတ ဘာတွေ ပြောသွားလဲ

0
958

NLD အစိုးရလက်ထက် တနင်္သာရီတိုင်း၏ ပထမဆုံးသော နိုင်ငံတော်သမ္မတ ခရီးစဉ်အဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးအချို့ မေလ ၃ ရက်က တနင်္သာရီတိုင်း ထားဝယ်မြို့သို့ လာရောက် ခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ထားဝယ် မြို့တော်ခန်းမတွင် တွေ့ဆုံသည်။

“ဒီမိုကရေစီဖက်ဒရယ်တည် ဆောက်တဲ့ခရီးမှာ အောင်မြင်ချောမွေ့ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့ အခါမှာ အဲဒီပြုပြင်ပြောင်းလဲမှုတွေကို တာဝန်ရှိလူကြီးမင်းများအားလုံးက တက်ညီလက်ညီ ပူပေါင်းပါဝင်ဆောင် ရွက်နိုင်စေဖို့ ယခုလို တွေ့ဆုံပွဲလုပ်ရတာ ဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြောကြား ခဲ့သည်။

တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်း အတွင်း အထူးကိစ်္စရပ်များအဖြစ် ရေပန်းစား နေသော အစိုးရတင်ဒါ ချထားပေးမှုကိစ္စ၊ ခရီးသွားလုပ်ငန်းကိစ္စ၊ ကျွန်းများကိစ္စ၊ ပင်လယ်ပြင်တွင် ငါးခိုးဖမ်းသည့်ကိစ္စ၊ သိမ်းဆည်းခံလယ်ယာမြေ၊ သစ်နှင့် တွင်းထွက်သယံဇာတ ခိုးယူနေမှုကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ အစိုးရနှင့် လွှတ်တော် အပြန်အလှန် ထိန်းကျောင်းရေးကိစ္စ စသည်တို့ကို တိုင်းဒေသကြီးအစိုးရမှ အလေးထား လုပ်ဆောင်ရန် ဆွေးနွေးမှာကြားခဲ့သည်။

တင်ဒါကိစ္စ

နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ ၁/၂၀၁၇ အရ အစိုးရမှ တင်ဒါများ ခေါ်ယူရာတွင် ပွင့်ပွင့်လင်းလင်းလုပ်ဆောင်ရန်၊ သတင်းစာတွင် ကြိုတင်ကြေညာရန်၊ တင်ဒါပေးခွင့်ရသူများက မိမိတို့နှင့် ရင်းနှီးသူ လုပ်ငန်းရှင်ကြီးများကို မပေးအပ်ရန် သမ္မတ ဦးဝင်းမြင့်က မှာကြားသည်။

“တင်ဒါခေါ်ရမယ့်ဟာ တင်ဒါခေါ်။ အများပြည်သူ မြင်သာအောင် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ရှိအောင် ခေါ်၊ ခေါ်ပြီးလို့ရှိရင် အကောင်းဆုံးနဲ့ အနည်းဆုံးပေးမယ့်လူကို ဘုတ်အဖွဲ့နဲ့ ရွေးပါ”ဟု သမ္မတက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လက်ထက်က တနင်္သာရီတိုင်းအတွင်း တင်ဒါပေး အပ်ရာတွင် တင်ဒါအမှတ်ပေးဘုတ်အဖွဲ့များထားရှိပြီး ရလဒ်ကို အစိုးရအဖွဲ့ထံတင်ပြရကာ အစိုးရအဖွဲ့မှ သင့်တော်သည့်ကုမ္ပဏီကို ချထားပေးလေ့ရှိရာ ဘုတ်အဖွဲ့မှ အမှတ်အများဆုံးပေးခံရသူက တင်ဒါအောင်/မအောင် မသေချာဟု တိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။

“ဘုတ်အဖွဲ့က အမှတ်ပေးစနစ်နဲ့ အမှတ်ပေးပြီး အစိုးရက ပေးချင်သူကို ပေးတယ်။ လုပ်မယ်ဆို လည်း စည်းမျဉ်းစည်းကမ်းအတိုင်း ကြပ်ကြပ်မတ်မတ်လုပ်ပေါ့၊ အခုက စည်းမျည်းစည်းကမ်းနဲ့ လွဲနေတယ်”ဟု ထားဝယ်မြို့မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သမ္မတ ဦးဝင်းမြင့်ကမူ အကယ်၍ လုပ်ပိုင်ခွင့် ရှိသူက တစ်ဦးတစ်ယောက်တည်း ရွေးချယ်ပါက တင်ဒါစည်းမျဉ်းစည်းကမ်း ချိုးဖောက်ပြီဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ညိစွန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“တနင်္သာရီတိုင်းအနေနဲ့ လက်တွေ့ကျကျ တစ်ခုပဲ ပြောမယ်။ ထိခိုက်မှာစိုးလို့ ပုဂ္ဂိုလ်ရေးတွေ ကုမ္ပဏီအမည်တွေကို မပြောဘူး။ ဘယ်လိုမှ မလုပ်နိုင်တဲ့ဟာကြီးကို တင်ဒါရရင်ပြီးရော ယူပစ်လိုက်တယ်။ အစိုးရကလည်း ခွင့်ပြုလိုက်တယ်။ တင်ဒါလည်းရလည်းပြီးရော သူလုပ်ချင်တာလုပ်ပေါ့။ အဲဒီတော့ တစ်နွယ်ငင် တစ်စင်ပါတွေ ဖြစ်ကုန်ရော။ ကိုယ်လုပ်ချင်တာလုပ်တော့ ဥပဒေက မနေဘေူးလေ။ စာရင်းစစ်လည်းမနေဘူး။ အဂတိလည်း မနေဘူးလေ”ဟု သမ္မတက ဆိုသည်။

သိမ်းဆည်းခံလယ်ယာမြေများအား နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပြန်လည်စွန့်လွှတ်ကာ ဒေသခံများကို ပြန်လည်ပေးအပ်ရာတွင် တိုင်းဒေသကြီးအကျိုး၊ ပြည်သူလူထု အကျိုးအတွက် မူလပိုင်ရှင်လက်ထဲ မြန်ဆန်စွာ လွှဲပြောင်းပေးခြင်း၊ ပုံစံ(၇) အမြန်ဆုံးရရန် ဆောင်ရွက်ပေးခြင်း ပြုလုပ်ရန် သမ္မတဦးဝင်းမြင့်က တိုင်းအစိုးရအဖွဲ့ကို မှာကြားခဲ့သည်။

သိမ်းဆည်းခံလယ်ယာမြေကိစ္စ

“ပြည်သူများ မနစ်နာစေရေး ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းမှာပါတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရတာဝန်ပိုင်းကပုဂိ္ဂုလ်တွေ မူဝါဒအတိုင်းပဲ မှန်မှန်ကန်ကန် စိစစ်ပေးစေလိုပါတယ်။ ဘက်လိုက်မှု မဖြစ်ချင်ပါဘူး”ဟု သမ္မတက ပြောသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တနင်္သာရီ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ၀န်ကြီးဌာနနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ ပြန်စွန့်သည့်မြေ ၇၅၇၆ ဒဿမ ၂၉၈ ဧကကို မူလပိုင်ရှင်များ ထံ ပြန်လည်လွှဲပြောင်းပေးပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

တိုင်းကော်မတီမှ သိမ်းဆည်းမြေများကိစ္စ ဖြေရှင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ရပ်ကျေးအဆင့်ကော်မတီများက ၎င်းတို့ တိတိကျကျ ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းမရှိဘဲ ထင်မြင်ယူဆချက်များ၊ သဘောထားသုံးသပ် ချက်များကို အပေါ်သို့ အစီရင်ခံတင်ပြထားကြသည့်အပေါ် ဆုံးဖြတ်ဆောင်ရွက်သလို ဖြစ်နေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

တချို့ သိမ်းဆည်းမြေကိစ္စတိုင်ကြားမှုများကို စစ်ဆေးခြင်း မပြုသည်များလည်း ရှိနေကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမာသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

“သမ္မတကသာ ပြည်သူတွေမနစ်နာတဲ့မူဝါဒ တွေနဲ့လုပ်ဆောင်ဖို့ဖြစ်စေချင်နေပေမယ့် တကယ် မြေပြင်မှာကတော့ ဒုံရင်းကဒုံရင်းပဲ ပြောင်းလဲမှုကို မခံစားရသေးဘူး။ မြေယာစစ်ဆေးမှုတွေဟာလည်း မပြောပလောက်တဲ့ စစ်ဆေးမှုလေးနဲ့ပဲ ဖြေသိမ့် နေရတဲ့ပုံစံဖြစ်နေတယ်”ဟု ဒေါ်ရီရီထွေးက ပြောသည်။

ခရီးသွားလုပ်ငန်း

တနင်္သာရီတိုင်းသည် ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းသည့် တိုင်းတစ်ခု ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်ရာတွင်  သဘာဝပတ်ဝန်းကျင်မပျက်စီးရေး နှင့် ပလပ်စတစ်အမှိုက်စွန့်ပစ်မှု ထိန်းသိမ်းရေးကို တိုင်းအစိုးရမှ သတိပြုဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောခဲ့သည်။

“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ သန္တာကျောက်တန်းတွေ ပျက်စီးဆုံးရှုံးမှု မရှိအောင် ဂရုစိုက်စေချင်ပါတယ်။ ဒီဟာတွေ ပျက်စီးဆုံးရှုံးမှုတွေရှိလာတာနဲ့အမျှ နောက်ဆိုလို့ရှိရင် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ခရီးသွားလုပ်ငန်း လည်း ကျဆင်းလာမှာဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။

ယင်းသို့တိုင်း၏ ခရီးသွားလုပ်ငန်းကိစ္စကို သမ္မတမှ အရေးတယူတိုက်တွန်းသည်မှာ တိုင်း၏ ခရီးသွားလုပ်ငန်းအနာဂတ်အတွက် ကောင်းမွန်သည့်လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် အစိုးရမှ ရန်ပုံငွေ ချထားပေးနိုင်လျှင် ပိုအဆင်ပြေမည်ဟု မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။

“ကျွန်းတွေကို အစိုးရက ထိန်းသိမ်းဖို့အတွက် ဘတ်ဂျတ်တွေဘာတွေ ချပေးနိုင်ရင် ပိုကောင်းတာပေါ့။ ပုဂ္ဂလိက တစ်ဦးချင်းအနေနဲ့ဆိုရင် နိုင်သလောက်ပဲ ထိန်းသိမ်းနိုင်တာ ကိုယ့်ငွေအကုန်ခံပြီး လူတိုင်း မလုပ်ကြဘူး”ဟု ဒေါက်တာသိန်းဆွေမြင့်က ဆိုသည်။

ကိုယ်ပိုင်ကျွန်း မရှိ

တနင်္သာရီတိုင်းအတွင်းမှ အချို့ကျွန်း များကို လုပ်ငန်းရှင်များအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားရာ လုပ်ငန်းရှင် အချို့က ၎င်းတို့ပိုင်ဆိုင်သည့် ကိုယ်ပိုင် ကျွန်းကဲ့သို့ လုပ်ဆောင်နေကြသည်ကို ကြားသိရကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

“တချို့ကျွန်းတွေဟာ ကိုယ်ပိုင်ကျွန်းတွေလို လုပ်နေကြတယ်။ ဒါကျွန်တော် သိတယ်။ မဖြစ်သင့်ပါဘူး။ လုပ်ငန်း လုပ်ဖို့သာ ပေးတာ၊ ကိုယ်ပိုင်ကျွန်း မဟုတ်ဘူး။ ကိုယ်ပိုင် နယ်နိမိတ် မဟုတ်ဘူး။ ကိုယ်ပိုင် မြေမဟုတ်ဘူး”ဟု ဦးဝင်းမြင့်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကျွန်းအချို့တွင် ခရီးသွားလုပ်ငန်း၊ ပုလဲမွေး မြူရေးနှင့် ငှက်သိုက်စုသိမ်းခွင့်ရသည့် ကုမ္ပဏီအချို့က ၎င်းတို့ လုပ်ငန်းလုပ်ကိုင် ခွင့်ရသည့် ကျွန်းများကို ဒေသခံတံငါ လှေများ၊ ခရီးသွားများအား ဆိုက်ကပ်ခွင့် မပြုတော့ခြင်း၊ ဆိုက်ကပ်ပါက အခကြေးငွေတောင်းခံခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ယင်းသို့ လုပ်ဆောင်နေသည်များ ကို တိုင်းအစိုးရထံ မှန်မှန်ကန်ကန် တင်ပြကြရန်လိုကြောင်း ဦးဝင်းမြင့်က ပြောသည်။

ကျောက်မီးသွေး ထိုင်းဘက်ခိုးသယ်သည်ကို သမ္မတ သိ

တနင်္သာရီတိုင်းတွင် တွင်းထွက် သယံဇာတပေါများသည်ကို သိရှိပြီး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လက်ထက်တွင် ထိုင်းနှင့်တနင်္သာရီတိုင်း နယ်စပ်မှ ကျောက်မီးသွေးများအား ထိုင်းဘက်သို့ ဆယ်ဘီးတပ်ကားကြီးများဖြင့်  ခိုးထုတ်ခံခဲ့ရသည်ကို သိရှိထားကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ယင်းကိစ္စအား လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးနှင့်တကွ တိုင်းအစိုးရ အဖွဲ့မှ သိရှိ ဂရုစိုက်စေလိုကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

“သယံဇာတတွေ ဘယ်လောက်ထွက်ထွက် ရေ၊ မြေ၊ တော၊ တောင် ဘယ်လောက်ပဲ ကြွယ်ဝကြွယ်ဝ ကျွန်တော်တို့ မထိန်းသိမ်းနိုင်ဘူး။ တစ်ဖက်က အသုံးချမှုကိုပဲခံပြီး ကျွန်တော်တို့က အရိုးအရင်းပဲစားနေရတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။ ဒါနိုင်ငံတော်ရဲ့သယံဇာတတွေပါ။ ဒါလေး တွေကို ဂရုစိုက်စေချင်ပါတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

တနင်္သာရီတိုင်းတွင် ကျောက်မီးသွေးကို ထားဝယ်မြို့နယ်အတွင်းရှိ ဘန်းချောင်းဒေသတွင် ထုတ်လုပ်ပြီး ယင်းကျောက်မီးသွေးတွင်  စည်းကမ်းမဲ့ တူးဖော်မှုကြောင့် လက်ရှိတွင် တိုင်းအစိုးရက တူးဖော်ခွင့်ကို ရပ်ဆိုင်းထားသည်။

ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ အစိုးရနှင့် ဌာနဆိုင်ရာများ လက်လှမ်း မမီသည့်နေရာတွင် သတ္တုတူးဖော်ခွင့်များ ချထားပေးခဲ့ခြင်း၏ အကျိုးဆက်များ ဖြစ်ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(DDA)၏ ဒါရိုက်တာ ကိုသန့်ဇင် က ပြောသည်။

ယင်းသို့ လစ်ဟာမှုများ ရှိပါက တိုင်းပြည်၏ အခွန်ဘဏ္ဍာရရှိမှု လျော့နည်း ဆုံးရှုံးမှု ဖြစ်ပေါ်သဖြင့် အစိုးရအနေဖြင့် တိုင်းအတွင်းသယံဇာတကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကောင်းမွန်သောအစီအမံများ ဆောင်ရွက်ထားသင့်ကြောင်း ကိုသန့်ဇင်က ထောက်ပြ သည်။

“ဒေသခံ စောင့်ကြည့်ရေးအဖွဲ့တွေ အားကောင်းလာအောင် လုပ်နိုင်ကိုင် နိုင်အောင် အခွင့်အလမ်းပေးတာမျိုး၊ စီမံခန့်ခွဲမှုကို ပိုကောင်းအောင် ပညာရှင်တွေ နဲ့ နည်းလမ်းတွေ စဉ်စားတာမျိုးတွေ အခုချိန်ကစပြီး ရေရှည်အတွက်စဉ်းစား ပြီးတော့ အုပ်မြစ်ချနိုင်ရင်တော့ တိုင်းအတွက် အကျိုးရှိမယ်ပေါ့”ဟု ကိုသန့်ဇင်က ပြော သည်။

ယင်းကျောက်မီးသွေးတွင်းအပါ အ၀င် တနင်္သာရီတိုင်းအတွင်း စည်းကမ်း မဲ့သတ္တုတူးဖော်မှုများကြောင့် မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ငါးခိုးဖမ်းသည့်ကိစ္စ

တနင်္သာရီတိုင်းပင်လယ်ပြင်တွင် ငါးခိုးဖမ်းဆီးမှု ပိုများလာပြီး ငါး သယံဇာတ မဆုံးရှုံးရေး၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရတို့ ရန်ပုံငွေ ရရှိရေးတို့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်ယူစဉ်ကတည်းက လိုက်လံ ဖမ်းဆီးခိုင်းခဲ့သော်လည်း ရေတပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်ကူညီဖမ်းဆီးပေးမှ ရမည်ဟု ဆွေးနွေးမှုများ ရှိနေကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ငါးခိုးဖမ်းသည့်ကိစ္စများကို တိုင်းအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိနေရမည်ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

“ကျွန်တော်ပြောချင်တာက အဲဒီ ငါးခိုးဖမ်းတဲ့ အဖွဲ့တွေကို မသိနေလို့လား အစိုးရက။ သိနေရမယ်။ ဌာနဆိုင်ရာတွေကို စုံစမ်းလိုက်ရင် သိတာပဲ။ အဲဒီခိုးဖမ်းတဲ့ အဖွဲ့တွေကို  နယ်လုံတို့၊ ရေတပ်တို့ လိုက်တာက တစ်ပိုင်း၊ ကြိုးစားတာ အကောင်အထည်ဖော်တာက တစ်ပိုင်း၊ ဒါ သူတို့ဘက်ကလည်း လုပ်တယ်။ ကိုယ့်ဘက်ကလည်း အဲဒီငါးခိုးဖမ်းတဲ့ အဖွဲ့တွေကို သိနေရမယ်။ သိရင်ခေါ်ဆွေး နွေးလိုက်မှာပေါ့။ သတင်းပေးလိုက် မှာပေါ့။ ဘာတွေလုပ်လိုက်မှာပေါ့ စသည်ဖြင့် အရေးယူမှုတစ်ခုတော့ လုပ်ရမှာပေါ့”ဟု သမ္မတက ပြောသည်။

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များကလည်း ငါးခိုးဖမ်းသည့် ကိစ္စကို စုံစမ်းထောက်လှမ်းပေးရမည်ဟု သမ္မတက ဆိုသည်။

“ကိုယ်စားလှယ်တွေကလည်း ကိုယ့်မဲဆန္ဒနယ်ထဲမှာ ဘယ်သူတွေ ဘာလုပ်တယ် ခြေလှုပ်၊ လက်လှုပ်တာ အကုန်းလုံးသိတာပဲ။ သိနေတဲ့ဟာ တွေကို ကိုယ်စားလှယ်တွေကလည်း မသိချင်ယောင်ဆောင်မနေနဲ့၊ မထိမ်ချန်နဲ့”ဟု သမ္မတက ပြောသည်။

ကျွန်းစုမြိုနယ်ကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်ကိစ္စမျှ ထိမ်ချန်ခြင်း မရှိဘဲ ပင်လယ်ပြင်အထိ ကွင်းဆင်းစုံစမ်း ထောက်လှမ်းကာ အစိုးရကို သတင်းပေး ပို့နေကြောင်း ကျွန်းစုမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

“စဉ်ဆက်မပြတ် သတင်းတွေ ပို့နေတာပဲလေ။ မသိချင်ယောင်ဆောင်တာတို့၊ ပါဝင်ပတ်သက်နေတာတို့ မရှိပါဘူး။ တပ်ဘက်က ဖမ်းတာလည်း ဖမ်းတာပေါ့၊ ဌာနတွေဘက်က အရေးယူဖို့လည်း လိုပါတယ်”ဟု ဒေါက်တာ ထူးနေအောင်က ပြောသည်။

ငါးခိုးဖမ်းဆီးမှုများကို ပင်လယ်ရေ ပြင်တွင် ကွင်းဆင်းမှတ်တမ်းယူလေ့ရှိသော ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း ကမူ ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးသို့ ၀င်ရောက်ငါးခိုးဖမ်းမှုများကို ထိန်းချုပ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေမှူးချုပ်မှ သက်ဆိုင်ရာ မြို့ နယ်ငါးလုပ်ငန်းဦးစီးမှူးအား စစ်ဆေးရေးမှူး တာဝန်ပေးအပ်ကာ လုပ်ဆောင်မည်ဆိုက အောင်မြင်နိုင်ကြောင်း ထောက်ပြ ပြောဆိုသည်။

စစ်ဆေးရေးမှူးတာဝန် ပေးအပ်ခံရ သူက ရေပြင်တွင် တရားမ၀င် ငါးခိုးဖမ်းမှုကို ဖမ်းဆီးနိုင်ရန် နိုင်ငံတော်တွင် ကုန်ကျစရိတ်တင်တောင်းခြင်း၊ လုံခြုံရေးခေါ်ယူခြင်းတို့ ပြုလုပ်နိုင်ကြောင်း ဦးဇော်ဟိန်းက ထောက်ပြသည်။

“ရပ်ရွာလူထုအခြေပြုအဖွဲ့ရယ်၊ သက်ဆိုင်ရာ ငါးဦးစီးဌာနရယ်ပူးပေါင်းပြီး ဆောင်ရွက်မယ်၊ ခေတ်မီနည်းစနစ် ဖြင့် ထိန်းကျောင်းမှုတွေလုပ်မယ်ဆိုရင် (ငါးခိုးဖမ်းမှု)ပပျောက်သွားမယ်တောင် ပြောလို့ရတယ်”ဟု ဦးဇော်ဟိန်းက ဆို သည်။

လက်ရှိ တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေများ တားမြစ် ငါးဖမ်းပိုက်ကွက်များဖြင့် ငါးဖမ်းဆီး ခြင်း၊ တားမြစ်ကမ်းနီးဧရိယာတွင် ငါးဖမ်းဆီးခြင်းနှင့် အခြားနိုင်ငံများမှ ငါးဖမ်းလှေများ ခိုးဝင်ငါးဖမ်းဆီးမှုတို့ ရှိနေကြောင်း ဒေသခံတို့က ပြောကြသည်။

မူးယစ်ဆေးဝါး သယ်သည့်လမ်း

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု များပြားနေခြင်းမှာ တနင်္သာရီ တိုင်းမှတစ်ဆင့် အခြားနိုင်ငံများသို့ မူးယစ်ဆေး သယ်ယူသည့် လမ်းကြောင်း ဖြစ်နေသောကြောင့်ဟု သမ္မတ ဦးဝင်းမြင့် က ပြောသည်။

“ဒီလမ်းကြောင်းက ဟိုဘက်ကို သွားတဲ့ လမ်းကြောင်းဖြစ်နေတာကို။ မလေးရှားတို့၊ အင်ဒိုတို့ စသည်ဖြင့် ဟိုဖက်သွားနေတဲ့ လမ်းကြောင်း ဖြစ်နေတဲ့ အခါကျတော့ တချို့ကျတော့ ဒီဘက်ကနေပြီးပဲ ဟိုဘက်သွားကြတယ်လေ။ မူးယစ်ဆေးဝါး တွေကို ဒီလိုဖမ်းနိုင်အောင်လို့လည်း ကျွန်တော်တို့အနေနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနကလည်း အရမ်းကြိုးစားပေးပါ တယ်”ဟု သမ္မတက ပြောသည်။

တနင်္သာရီတိုင်း ပင်လယ်ပြင်နှင့် လှေများပေါ်တွင် မူးယစ်ဆေးဝါး စံချိန်တင် ဖမ်းဆီးမှုများ မကြာခဏ ရှိနေပြီး တနင်္သရီတိုင်းသည် မလေးရှားနိုင်ငံသို့ မူးယစ်ဆေးသယ်ယူရာ လမ်းကြောင်း ပေါ်တွင် ကျရောက်နေကြောင်း တိုင်းအဆင့် ရဲအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆို ခဲ့ဖူးသည်။

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်များရှိ အကျဉ်သား ၃ ပုံ ၂ ပုံခန့် သည် မူးယစ်ဆေးအမှုဖြင့် ထောင်ကျခံ နေရသူများဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ၂၀၁၇ ခုနှစ်တွင် ပြောဆိုခဲ့ဖူးသည်။

အပြန်အလှန် ထိန်းကျောင်းရေး

တိုင်းအစိုးရနှင့် တိုင်းလွှတ်တော်တို့  အပြန်အလှန် ထိန်းကျောင်းမှုပြုရာတွင် မဏ္ဍိုင်တစ်ခုမှ မဏ္ဍိုင်တစ်ခုကို ၀င်ရောက် စွက်ဖက်သကဲ့သို့ မဖြစ်စေရေး သတိထားရန် သမ္မတ ဦးဝင်းမြင့်က မှာကြားခဲ့သည်။

“ထိန်းကျောင်းတယ်ဆိုတာ ၀င်ရောက် စွက်ဖက်တာနဲ့မတူဘူး။ ဒါပါးပါးလေး။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အပြန် အလှန် ထိန်းကျောင်းတယ်ဆိုတာ ပါးပါးလေး။ အဲဒီပါးပါးလေးမှာ သူ့စည်း၊ ကိုယ့်စည်း၊ ဘီးလူးစည်း၊ လူ့စီးဆိုတာ ဘောင်မကျော်ဘဲနဲ့ အပြန်အလှန် ထိန်းကျောင်းဖို့၊ အပြန်အလှန် နားလည်ဖို့၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါလေးကိုတော့ ဂရုပြုစေလိုတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လက်ထက်က တိုင်းလွှတ်တော်နှင့် တိုင်းအစိုးရအကြား အဖုအထစ်များ ရှိခဲ့ပြီး အပြန်အလှန်တိုင်တန်းမှုများ ရှိခဲ့သည်။

လက်ရှိဝန်ကြီးချုပ် ဦးမြင့်မောင်က မူ လွှတ်တော်နှင့်အစိုးရ အပြန်အလှန် ထိန်းကျောင်းမှုကို လက်ခံမည်ဖြစ် ကြောင်း ပြောဆိုထားသည်။

အခြားကိစ္စများ

သစ်ခိုးထုတ်မှုများ၊ နိုင်ငံတော်ပိုင်မြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အကွက်ရိုက်ပြီးရောင်းချမှုများကိုလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် နယ်စပ်ကုန်သွယ်မှုမှ ရရှိမည့် အခွန်များကို အလေအလွင့်မရှိစေရန် ထိန်းသိမ်းရေး တိုင်းအစိုးရကို မှာကြားခဲ့သည်။

တိုင်းအစိုးရကသာ လုပ်ဆောင်ပါ

သမ္မတဦးဝင်းမြင့်၏ ပြောဆိုမှုများ တွင် နိုင်ငံတော်အဆင့်မှ ပြုလုပ်ပေးပါ မည်ဟူသော ပြောဆိုချက် တစ်စုံတရာ မပါဝင်ခဲ့ပေ။

ဝန်ကြီးချုပ် ဦးမြင့်မောင် တင်ပြသည့် မဟာဓာတ်အားလိုင်း ဆောလျင်စွာ ရရှိရေး ဆောင်ရွက်ပေးရန် တောင်းဆိုမှု ကိုလည်း တစ်စုံတရာ ထည့်သွင်း ဖြေကြား သွားခြင်းမျိုး မရှိပေ။

သမ္မတ၏ အထက်ပါပြောဆိုချက် အားလုံးကို တိုင်းအစိုးရမှသာ လုပ်ဆောင်ရန် မှာကြားခဲ့သည်။

ယင်းအတွက် တိုင်းတွင်းဒေသခံ အချို့က အားမလိုအားမရ ပြောဆိုမှု အချို့ ရှိသည်။

“အဓိကက (သမ္မတက)မူဝါဒတွေ ချပြီး တိတိကျကျ ညွှန်ကြားပေးဖို့ လိုနေတယ်”ဟု ထားဝယ်မြို့မှ ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးကလည်း သမ္မတမှ ၎င်း လုပ်ဆောင်ရမည့်ကိစ္စများ၊ အမိန့်ညွှန်ကြားချက်ထုတ်ရမည့်ကိစ္စများကို ၎င်းကိုယ်တိုင်လုပ်ဆောင်ခြင်း၊ တာဝန်မကျေ သည့်ဝန်ထမ်းများ ဌာနဆိုင်ရာများကို အရေးယူမှုများ ပြုလုပ်သင့်ကြောင်း ပြောသည်။

“အားလုံးက လက်တွေ့မလုပ်ကြဘဲနဲ့ ငါ့ကိုသူခိုင်း၊ သူ့ကိုငါခိုင်းနဲ့ လွှဲနေ ကြတာပေါ့။ နောက်ဆုံးတော့ ပြည်သူတွေပဲ အဓိကနစ်နာနေတယ်။ ပြဿနာတွေက ပိုပိုပြီးကြီးထွားတတ်လာတာပေါ့”ဟု ဒေါ်ရီရီထွေးက ပြောသည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA)မှ ကိုသန့်ဇင်ကမူ သမ္မတမှ ယင်းသို့ တိုင်းအစိုးရကို အရေးယူဆောင်ရွက် စေလိုကြောင်း ပြောဆိုချက်များသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ ချီတက် နေသည့်ကာလတွင် ကောင်းမွန်သော လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောသည်။

“တိုင်းအစိုးရကို ဦးဆောင်ဦးရွက်ပြုပြီး ကိုယ့်ဒေသနဲ့ လျော်ညီတဲ့ အစီအစဉ်တွေ၊ လုပ်ငန်းစီမံချက်တွေ၊ အကြံအဥာဏ်တွေ ထုတ်ပြီး စကြိုးပမ်းစေချင်လို့ သမ္မတက တိုက်တွန်းတဲ့သဘောလို့ မြင်တယ်”ဟု ကိုသန့်ဇင်က ဆိုသည်။

Dawei Watch