Clean Dawei အဖွဲ့ ရပ်ကွက်နှစ်ခုတွင် အမှိုက်ကိစ္စ စစ်တမ်းကောက်မည်

0
407

ထားဝယ်မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခုကို မေလနောက်ဆုံးအပတ်တွင် ကောက်ယူမည်ဖြစ်ကြောင်း Clean Dawei အဖွဲ့ထံမှ သိရသည်။

ဇရစ်/ခုံဝင်းဒပ်နှင့် အနောက်/မြို့တွင်းရပ်ကွက်နှစ်ခုတွင် နေအိမ်များမှ ထွက်ရှိသည့် အမှိုက်ကို စွန့်ပစ်သည့်စနစ်၊ အမှိုက်အမျိုးအစား ခွဲခြားမှု အစရှိသည့် အချက်များကို မေးမြန်းမည်ဖြစ်ပြီး အမှိုက်နှင့် ပတ်သက်သည့် အသိပညာပေးမှုများလည်း လုပ်ဆောင်မည်ကြောင်း ၎င်းက ပြောသည်။

စစ်တမ်းကောက်ယူပြီး ရရှိလာသည့် အချက်အလက်များကို စည်ပင်သာယာ ရေးအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း Clean Dawei  အဖွဲ့၏ တာဝန်ခံတစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက ဆိုသည်။

၎င်းအပြင် အဆိုပါရပ်ကွက်အတွင်း အမှိုက်သိမ်းနေသည့် ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်မလာပါက အမှိုက်သိမ်းအဖွဲ့များထံ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကိုလည်း အသိပေးသွားမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“ကနဦး စစ်တမ်းကောက်မယ့် ရပ်ကွက်ကို ရွေးချယ်လိုက်တာ။ ရပ်ကွက်ကို သွားရင်းနဲ့ ဈေးကြီးပါ ပါသွား မယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့ သန့်ရှင်းသပ်ရပ်စေရန်နှင့် ပြည်သူများ အမှိုက်နှင့် ပတ်သက်သည့် အသိပညာရရှိစေရန် ရည်ရွယ်၍ Clean Dawei အဖွဲ့ကို လူထုအခြေပြု အဖွဲ့အစည်းများ၊ မြို့နယ်စည်ပင်ကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့ စသည့် အဖွဲ့အစည်းများဖြင့် ဧပြီနှောင်းပိုင်းက စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကိုဇော်