ကော့သောင်းတွင် အုန်းပင်စိုက်သည့်ကိစ္စဖြင့် သံဃာတော်တစ်ပါး ဓားခုတ်ခံရ

0
478

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် ဇိနမာန်အောင်ကျောင်းရှိ သံဃာတော် တစ်ပါးသည် အုန်းပင်စိုက်သည့်ကိစ္စဖြင့် ပြဿနာဖြစ်ပွားရာမှ ဓားဖြင့်ခုတ်ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇိနာမာန်အောင်ကျောင်း အခန်းနေသံဃာသည် မေလ ၁ ရက်က စေတီဘေးရှိ လူသွားလမ်းမြေပြိုမည်စိုးရိမ်သဖြင့် အုန်းပင်စိုက်နေသည်ကို ယင်းကျောင်းဝင်း တစ်ဝင်းတည်းနေထိုင်သည့် အသက် ၄၈ နှစ်အရွယ်အမျိုးသားတစ်ဦးက အုန်းပင်မစိုက်ရန် လာတားရာမှ စကားများရန်ဖြစ် ခဲ့ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ စကားများရန်ဖြစ်ရာမှ တဆင့် အသက် ၄၈ နှစ်ရွယ်အမျိုးသားက အုန်းပင်စိုက်သည့် အခန်းနေသံဃာအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်းယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဓားခုတ်မှုကြောင့် အဆိုပါ အခန်းနေသံဃာတွင် ပခုံး၊ မျက်လုံး၊ လည်းပင်း၊ ခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ တွင် ဆေးကုသမှုခံယူနေရကြောင်း ယင်း မှတ်တမ်းအရသိရသည်။

ဓားဖြင့်ခုတ်သည့် အသက် ၄၈ နှစ် အရွယ်အမျိုးသားကိုမူ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင်အမှုဖွင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။

Dawei Watch