ထိုင်းရောက်မြန်မာကျောင်းသားများအတွက် အ၀တ်အစားသယ်ဆောင်သူ ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးခံရ

0
568

ထိုင်းနိုင်ငံ ဖန်ငှါမြို့တွင် တည်ထောင်ထားသော ရွှေမြန်မာပရဟိတစာသင်ကျောင်းရှိ ကျောင်းသူကျောင်းသားများ အတွက် ကျောင်းဝတ်စုံများ အခွန်မဆောင်ဘဲ သယ်ဆောင်လာသည့် ကျောင်း တည်ထောင်သူအား ထိုင်းတရားရုံးက ဒဏ်ငွေရိုက်ကာ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ပြည်နှင်ဒဏ်ပေးလိုက်သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အလှူရှင်များမှ ပေးပို့လိုက်သော ကျောင်းဝတ်စုံများအား ရွှေမြန်မာကျောင်းတည်ထောင်သူ ဦးဝင်းနိုင်က ပြီးခဲ့သည့် မတ်လ ၈ ရက်က ကော့သောင်းမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကျောင်းရှိသည့် ဖန်ငှါမြို့ ထန်းလမုရွာသို့ သယ်ယူလာစဉ် ထိုင်းစစ်တပ်ဂိတ်တွင် စစ်ဆေး ဖမ်းဆီးခံရပြီး တရားရုံးသို့ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ရနောင်းတရားရုံးတွင် ထိုင်းဘတ်ငွေ ၁ သိန်း ၄ သောင်း( မြန်မာငွေ သိန်း ၆၀ ကျော်)ဖြင့် အာမခံလျှောက်ထားခဲ့ပြီး အမှုရင်ဆိုင်ခဲ့ကြောင်း အမှုကိုလိုက်ပါ ကူညီပေးနေသည့် ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုသားကျော်က ပြောသည်။

သယ်ယူလာသည့် ကျောင်းဝတ်စုံများမှာ ကာလတန်ဖိုး မြန်မာငွေ ၂ သိန်းကျပ် ခန့်သာရှိကြောင်း ကိုသားကျော်က ပြောသည်။

၁၂ ရက်တစ်ကြိမ် ရုံးချိန်း ၄ ပတ်ပြည့်သည့် ဧပြီလ ၂၃ ရက်တွင် ရနောင်း တရားရုံးက ဒဏ်ငွေ ထိုင်းဘတ် ၁၄၂၅၀ (မြန်မာငွေ ၆ သိန်းကျော်) တပ်ရိုက်ခဲ့ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ၀က)သို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ထိုင်းတရားရုံးတွင် စုံစမ်းရာ ထိုင်း ဥပဒေအရ နိုင်ငံခြားသားများ အမှုရင်ဆိုင်ရပြီးပါက ထိုင်းလ၀ကသို့ လွှဲပြောင်း ပေးရသည်ဟု ဖြေဆိုကြောင်း ကိုသားကျော်က ပြောသည်။

ထိုင်းလ၀က က ဦးဝင်းနိုင်၏ ထိုင်း ပြည်ဝင်ခွင့်ဗီဇာကို ရုပ်သိမ်းခဲ့ပြီး ၂ နှစ် အတွင်း ထိုင်းသို့ ပြန်မလာရဟု ချမှတ်ခဲ့ကြောင်း ကိုသားကျော်က ပြောသည်။

“သူ့ရဲ့အမှုက ထိုင်းနိုင်ငံကို အများကြီး ဒုက္ခပေးတာ မဟုတ်ဘူး၊ နားမလည်လို့ အခွန်မဆောင်မိတာ၊ ပြစ်ဒဏ် ကြီးလေးတယ်လို့ ခံစားရတယ်”ဟု ၎င်းက ဆိုသည်။

ဦးဝင်းနိုင်အား ရနောင်းလ၀ကရုံးတွင် ခေတ္တထိန်းသိမ်းခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်တွင် မြန်မာဘက်သို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

ဦးဝင်းနိုင်သည် ဖန်ငှါမြို့ ထန်းလမုရွာ ရှိ ရွှေမြန်မာ ပရဟိတစာသင်ကျောင်းကို ပြီးခဲ့သည့် ၃ နှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ယင်းကျောင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီး ကျောင်းသူ ကျောင်းသား ၅၀ ကျော် တက်ရောက်ပညာ သင်ကြားနေကြောင်း သိရသည်။

ထိုစာသင်ကျောင်းတွင် မူကြိုမှ တတိယတန်းအထိ ပညာသင်ကြားပေးနေပြီး ဦးဝင်းနိုင်နှင့်အတူ ကျောင်းဆရာ ၁ ဦး၊ ဆရာမ ၁ ဦး၊ မြန်မာ ဘုန်းတော်ကြီး ၁ ပါးတို့ ပညာသင်ကြားပို့ချပေးနေ ကြကြောင်း မိတ္တသဟာရ နာရေးကူညီမှု အသင်းထံမှ သိရသည်။

ယင်းကျောင်းမဖွင့်မီက ထိုထန်းလမု ရွာမှ မြန်မာရွှေ့ပြောင်းလုပ်သားတို့၏ သားသမီးများသည် အမှိုက်ပုံများတွင် အမှိုက်ကောက်ခြင်း၊ ချောင်းတွင်း ငါးဖမ်း ခြင်း၊ ငါးခိုးရောင်းခြင်း စသဖြင့် ကျပန်း အလုပ်များလုပ်ကာ လေလွင့်နေသကဲ့သို့ ဖြစ်နေကြောင်း ကိုသားကျော်က ပြောသည်။

“ခုဆို ကလေးတွေနဲ့ ကျောင်းသား တွေအတွက်တော့ အားကိုးရာမဲ့ပြီ။ မြန်မာ နိုင်ငံသားတွေကို မျက်နှာလွှဲခဲပစ် မလုပ်ထားကြပါနဲ့လို့ မြန်မာနိုင်ငံ တာဝန်ရှိသူတွေကို ပြောချင်ပါတယ်”ဟု ကိုသားကျော် က ပြောသည်။

Dawei Watch