တီတွတ်ပြင်ရွာတွင် တောမီးလေးရက်ကြာလောင်ကျွမ်း ဘုန်းကြီးကျောင်းမီးလောင်ရာပါ

0
512

သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ရွာတွင် တောမီးလေးရက်ကြာလောင်ကျွမ်း ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ရွှေတောင်ဘုန်းကြီးကျောင်းရှိသည့် တောင်တွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက် အထိ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးမှတဆင့် ယင်းဘုန်းကြီးကျောင်းတွင်ရှိ သည့် နှစ်ထပ်ဆွမ်းစားဆောင်နှင့် ဇရပ် တစ်ဆောင်ကိုမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သရက်ချောင်းမြို့နယ်မီးသတ် ဦးစီးဌာနထံမှ သိရသည်။

၎င်းအပြင် တောမီးကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံအချို့ပါ မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ မြို့နယ် ဦးစီးမှူး ဦးသက်နိုင်လွင်က ပြောသည်။

“တောမီးက တောင်ကြီးပတ်ပတ်လည်ကို လောင်နေတာ။ ဒီဘက်ကနေ မီးသတ်နေရင် ဟိုဘက်ကထလောင်လိုက် ဖြစ်နေတာ။ အဲဒါကြောင့် လေးရက်လောက်ကြာသွားတာပါ”ဟု ဦးသက်နိုင်လွင် က ဆိုသည်။

ယင်းတောမီးစတင်လောင်ကျွမ်းသည့်နေ့မှ စပြီး ဒေသခံရွာသားများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်း များ စုစုပေါင်း လူနှစ်ရာဝန်းကျင်ဖြင့် နေ့တိုင်း မီးငြိမ်းသတ်နေခဲ့သော်လည်း မေလ ၂၉ ရက်တွင်မိုးရွာချိန်မှသာ မီးငြိမ်းသွားခဲ့ကြောင်း ၎င်းက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှု လေးကြိမ် ခန့်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး