မြေမြှုပ်မိုင်းရှင်းလင်းရေး အစိုးရကို တင်ပြထားဟု မွန်ပြည်သစ်ပါတီပြော

0
474

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိက မြေမြှုပ်မိုင်းများကို ရှင်းလင်းနိုင်ရေး အစိုးရကို တင်ပြထား သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနမှ ဒုတိယတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ရေဖြူမြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုများ ဖြစ်ပွားလာခဲ့ပြီးနောက် အဆိုပါ မြေမြှုပ်မိုင်း များကို ရှင်းလင်းနိုင်ရန် အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းနေသည်ဟု ပြောသည်။

“မိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အခု KNU နဲ့ ညှိနှိုင်းတိုင်ပင်နေတယ် အစိုးရကိုလည်း မိုင်းရှင်းလင်းရေးအတွက်ကို တောင်းထားတယ်၊ မိုင်းရှင်းဖို့အတွက်က တခြားပုံစံနဲ့မတူဘူး ပညာရှင်လိုတယ်၊ အထောက်အပံ့ပစ္စည်းလိုတယ်။ နောက် ဒေသခံရဲ့ ပူးပေါင်းပါဝင်မှု၊ နောက် ကျွန်တော်တို့နှစ်ဖွဲ့ မွန်ရော ကရင်ရော လက်ခံမှ၊ ဒါကိုလည်း ကျွန်တော်တို့ ညှိနေတုန်းပဲ”ဟု နိုင်အောင်မငေးက ပြောသည်။

ရေဖြူမြို့နယ်အတွင်းတွင် ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှစကာ ဒေသခံတို့ လုပ်ကိုင် စားသောက် နေကြသည့် ဥယျာဉ်ခြံ၊ ဒေသခံတို့သွား လာနေသည့်လမ်းထဲတွင် မြေမြှုပ်မိုင်း နင်းမိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်ထိဆိုလျှင် မြေမြှုပ်မိုင်းနင်းမိမှု ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း လူထိခိုက်ဒဏ်ရာ ရရှိမှုလည်းရှိခဲ့ကြောင်း အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား သည့်ဒေသသည် ကရင်အမျိုးသားအစည်း အရုံး KNU တပ်ဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တို့ နယ်မြေ အငြင်းပွားမှုဖြစ်ပွားနေသည့် နေရာဒေသဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ရေဖြူမြို့နယ်အတွင်းက မြေမြှုပ်မိုင်း ကိစ္စသည် မွန်ပြည်သစ်ပါတီက ၎င်းတို့ ထောင်ထားသည့်မိုင်းမဟုတ်ဟု ငြင်းဆို ထားသလို ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း အဆိုပါမိုင်းသည် ၎င်း တို့ထောင်ထားသည့်မိုင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။

“အရင် မငြိမ်းချမ်းခင်အချိန်တုန်းကတောင် ဒီလိုမျိုး မိုင်းနင်းမိတာတို့ ဘာတို့ မရှိခဲ့ဘူး။ အခုချိန်က အပစ်ရပ်တဲ့ကာလ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလမှာ ဒီလိုပြဿနာမျိုးက မဖြစ်သင့်ဘူး၊ လက်နက်ကိုင်အားလုံးမှာ တာဝန်ရှိတယ်။ အစိုးရတပ်ရော မွန်ပြည်သစ်ရော KNU ရော အားလုံးမှာတာဝန်ရှိတယ်”ဟု မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ကိုမင်းအောင်ထူးက ပြောသည်။

မိုင်းထောင်သည့်လုပ်ရပ်သည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက မွန်ပြည်သစ်ပါတီနှင့် ဒေသခံပြည်သူများ အကြား ယုံကြည်မှုကင်းမဲ့စေရန်နှင့် ခြံ လုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ် တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အတွင်းတွင် နယ်မြေအငြင်းပွားမှုကြောင့် ၂၀၁၆/ ၂၀၁၇ ခုနှစ်အတွင်းတွင် ၆ ကြိမ် ထက်မနည်း ထိတွေ့ပစ်ခတ်မှုများလည်း ရှိခဲ့သည်။

ယဉ်စနိုင်း