ဓနိမိုးအိမ် တမ်းချင်း

0
2259
ဓာတ်ပုံ - ဝေယံစိုး

နှစ်တစ်နှစ်၏ အပူပြင်းဆုံးကာလကို ဖြတ်သန်းနေကြရပါသည်။

ပူလိုက်သည်မှာ နေစရာ နေရာပင် မရှိဟု ညည်းညူသူတို့ ပေါလှပေသည်။ ကျေးလက်နေသူများထက် မြို့ပြနေသူများက အပူဒဏ်ပိုခံရကာ ပိုညည်းကြပါသည်။

အညည်းညူဆုံးသူများမှာ အရွယ်ရလာသည့် သက်ကြီးပိုင်းများ ဖြစ်ပါသည်။

ထိုသက်ကြီးပိုင်းများထဲတွင် သွပ်မိုးအိမ်များဖြင့် နေထိုင်သူများက ပိုညည်းတတ်ကြသည်။

ညည်းရင်းဖြင့် သူတို့ တစ်ချိန်က နေထိုင်လာခဲ့ဖူးသည့် ဓနိမိုးအိမ်လေးများကို ပြန်လွမ်းနေတတ်ပါသည်။

လက်ရှိ နှစ်ထပ်သွပ်မိုးအိမ်နှင့် နေထိုင်သော ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ် အသက် ၈၇ နှစ်အရွယ်ရှိ ဒေါ်ခင်ရီ တစ် ယောက်လည်း ငယ်ရွယ်စဉ်က ချစ်ခင်ပွန်းနှင့် အတူနေခဲ့သည့် ဓနိအိမ်သေးသေးလေးကို ပြန်လွမ်းနေပါသည်။

“ဖက်(ဓနိ)မိုးအိမ်နဲ့နေတုန်းကတော့ ဘယ်ပူမလဲ။ ကိုယ်နေခဲ့တဲ့အိမ်ကို သတိရတာပေါ့”ဟု ဒေါ်ခင်ရီက ဆိုသည်။

လူကြီးများသာ ဓနိမိုးအိမ်လေးကို ပြန်လွမ်းသည် မဟုတ်ပါ။

မြိတ်မြို့ ကုန်းဖောက်ရပ်ကွက်နေ အသက် ၃၂ နှစ်ရှိ ကိုမောင်သန့်သည်လည်း နှစ်တိုင်းထက် ပိုပူသည့် ယခုနွေရာသီတွင် ဓနိဖက်မိုးထားသည့် မိဘအိမ်လေးသို့ ပြန်တမ်းတနေမိကြောင်း ပြောလာသည်။

ကိုမောင်သန့် လက်ရှိနေသည့်အိမ်က သွပ်မိုးအိမ်။ ပြုပြင်ရလွယ်ကူပြီး တာရှည်ခံ သည်ကလွဲ၍ နေရတာ မသက်သာဟု ၎င်းက ဆိုသည်။

“ဓနိဖက်က မီးဘေးအန္ထရာယ်စိုးရိမ်ရပြီး သွပ်ကတော့ သိပ်စိုးရိမ်စရာ မလိုတာ ကြောင့်လည်း မိုးဖြစ်ခဲ့တယ်”ဟု ကိုမောင်သန့်က ပြောသည်။

သွပ်မိုးအောက်တွင် အပူဒဏ်ခံရမည်ကို သိကြသော်လည်း ဓနိမိုးကို စွန့်လွှတ်ကာသွပ်မိုးသူတိုင်းတွင် ခိုင်လုံသည့် အကြောင်းပြချက် ကိုယ်စီ ရှိနေတတ်ကြပါသည်။

မီးဘေးကြောက်ရခြင်း၊ ပိုးကျတတ်ခြင်း၊ တာရှည်မခံခြင်း၊ အသစ်မိုးချိန်တွင် ကရိကထများခြင်းတို့အပြင် ဖက်မိုးသမား နည်းပါးလာခြင်းတို့ကလည်း လူတို့ကို ဖက်မိုးအိမ်မှ စွန့်ခွာစေသည့် အကြောင်း အရာများ ဖြစ်နေလေသည်။

ထားဝယ်မြို့ ရှမ်္မလည်ဆွဲရပ် ဒေါ်ခင်ရီမှာ သားသမီးများကြီးလာသဖြင့် နှစ်ထပ်အိမ်ဆောက်လိုက်ပြီးနောက် ဓနိဖက်မိုးခဲ့သော်လည်း အသစ်မိုးချိန် နှီး၊ ၀ါး ရှာရခက်ခြင်း၊ ဓနိဖက်အဟောင်းများပစ်ရန် နေရာအခက်အခဲ တွေ့ခြင်းများကြောင့် သွပ်မိုးသို့ ပြောင်းလိုက်ရကြောင်း ပြောသည်။

“(ဓနိဖက်အဟောင်း)ကို အရင်ကဆို လယ်ထဲသွားပြီးမီးရှို့လို့ရသေးတယ်။ အခုကရှို့လို့မရတော့ဘူးလေ။ ကိုယ့်အိမ်ထဲမှာ ကိုယ်ရှို့မယ်ဆိုတော့လည်း ဘယ်မှာလဲ မီးရှို့မယ့်နေရာ။ မြင်တဲ့အတိုင်းပဲ အိမ်နဲ့ခြံက ပြည့်နေတာကို”ဟု ဒေါ်ခင်ရီက ဆိုသည်။

အဆိုးဆုံးမှာ ဒေါ်ခင်ရီ၏ အတန်ငယ် မြင့်သည့် အိမ်ခေါင်မိုးပေါ်တက်ပြီး ဖက်မိုးပေးမည့်သူ ရှာရခက်ခြင်း ဖြစ် သည်။

“အိမ်က နှစ်ထပ်ဆိုတော့ မြင့်လို့တဲ့ အောက်ကပဲကြည့်ပြီး ပြန်သွားတဲ့သူက များတယ်။ အဲဒါကြောင့် သွပ်မိုးလိုက် တာ”ဟု ဒေါ်ခင်ရီက ဆိုသည်။

တချို့က သွပ်ခေတ်သို့ မည်သို့ရွေ့ရွေ့ ဓနိမိုးအိမ်မှ ဓနိမိုးအိမ်။

ထားဝယ်မြို့အနီး ကျောက်ရပ်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်စန်းသည်လည်း မွေးကတည်းက ဓနိမိုးအိမ်နှင့် နေခဲ့သည်မှာ အခုချိန်ထိဟု ဆိုပါသည်။

အိမ်တော်တော်များများ သွပ်မိုး တွေဖြစ်ကုန်ကြပြီကို သူမ သိပါသည်။ သို့သော် ဓနိတော ကိုယ်ပိုင်ရှိသည့် သူမကတော့ ဓနိဖက်မှ ဓနိဖက်။

“ဖက်နဲ့က အေးလည်းအေးတယ်ဆိုတော့ ဖက်နဲ့ပဲနေတာ။ အဓိကကတော့ အေးလို့ အခုချိန်ထိနေတာပေါ့။ သွပ်နဲ့ ကတော့ လုံးဝကိုမနေချင်တာ။ ဒီလို ရာသီဥတု ပူတာမျိုးနဲ့ဆို ဘယ်လိုမှ နေလို့ရမှာ မဟုတ်ဘူး”ဟု ဒေါ်ခင်စန်းက ပြောသည်။

မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၅၀ နှစ်ရှိ ဒေါ်စန်းအေးသည်လည်း ဖက်မိုးအိမ်မှ သွပ်မိုးအိမ်သို့ မပြောင်းပါ။ သွပ်မိုးရန် တတ်နိုင်သော်လည်း လက်ရှိ ဖက်အိမ် ကလေးနှင့်သာ နေထိုင်နေကြောင်း ပြောပါသည်။

သူမ သွပ်မိုးအိမ်နှင့် လုံးဝ မနေလိုပါ။

“နွေရာသီ သွပ်မိုးအိမ်နဲ့နေရတာက လူကို ပေါင်းအိုးထဲ ထည့်ပြီးပေါင်းထား သလိုပဲ မနေနိုင်ဘူး”ဟု ဒေါ်စန်းအေးက ပြောပါသည်။

သို့သော် ဓနိဖက်က ရေရှည်တွက်လျှင် အကုန်အကျများပြီး လုပ်ရကိုင်ရ ကရိကထများကြောင်း ၎င်းက ပြောသည်။ ဖက်က ကောင်းလျှင် လေးနှစ်ငါးနှစ်ခန့် ခံပြီး မကောင်းရင်တော့ ၃ နှစ်ကြာ တစ်ခါ ပြန်မိုးရသကဲ့သို့ ဖက်ဈေးနှင့် ဖက်မိုးခကလည်း မချောင်ပါ။

လက်ရှိတွင် ဓနိဖက်တစ်ထောင် လျှင် ၇ သောင်းခန့် ဈေးရှိုပြီး မိုးခမှာ တစ်ထောင်လျှင် ၃ သောင်းခွဲခန့် ပေးရ ကြောင်း ဒေါ်စန်းအေးက ပြောသည်။

“တိုက်နဲ့အဲယားကွန်းနဲ့ နေနိုင်ရင်တော့ တစ်မျိုးပေါ့။ မနေနိုင်လို့ကတော့ တစ်သက်လုံးဖက်မိုးအိမ်ကလေးနဲ့ပဲနေဖို့ရှိတယ်”ဟု ဒေါ်စန်းအေးက ဆိုလေသည်။

ယခင်က ဓနိဖက်မိုးအိမ်ဖြင့် နေထိုင်ပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးဖြင့် ဓနိဖက်မိုးမှ သွပ်မိုးသို့ ပြောင်းလိုက်သူ တိုင်းက အိမ်ပေါ်တွေနေရင်း ပူအိုက်လာတိုင်း ဖက်မိုးအိမ်တမ်းချင်း ညည်းညူမြဲ။

“လင်မယားနှစ်ယောက်တည်း နေတုန်းက (ဓနိ)ဖက်အိမ်သေးသေးလေး နဲ့နေလာတာ။ အဲဒါလေးတွေ သတိရ တာပေါ့”ဟု ဒေါ်ခင်ရီက ဖွင့်ဟပါသည်။

ဒေါ်ခင်ရီကဲ့သို့ ဓနိဖက်မိုးအိမ် တမ်းချင်း ညည်းညူနေသူများစွာရှိနိုင် ပါသည်။

သို့သော် လက်ရှိတွင် ဓနိဖက်မိုးအိမ် ဆောက်နေသူ ရှားလှပါတော့သည်။

တနင်္သာရီသတင်းအဖွဲ့