ထားဝယ်ကမ်းနားဈေး ယာယီပြောင်းမည်

0
1360

ထားဝယ်ကမ်းနားဈေး ပျံကျနေရာကို ဆိပ်ကမ်းသာပန်းခြံဘက်သို့ ယာယီရွှေ့ပြောင်းတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

ကမ်းနားဈေး ပျံကျဈေးနေရာတွင် ခေါင်မိုးအပြည့်တည်ဆောက်ရန် ဈေးသည်များအား မေလ ၇ ရက်တွင် ပြောင်းရွှေ့ရန် လျာထားကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ အမှုဆောင်အရာရှိက ဆိုသည်။

ဈေးခေါင်မိုးကို သုံးလအတွင်းအပြီး ဆောက်လုပ်မည်ဖြစ်သည့်အတွက် ပျံကျ ဈေးသည်များအနေဖြင့် ကမ်းနားပန်းခြံဘက်သို့ အချိန်သုံးလခန့် ယာယီပြောင်း ရွှေ့ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ပျံကျဈေးသည်များကို ဆိပ်ကမ်းသာ ပန်းခြံအတွင်းနှင့် ထားဝယ်မြစ်ကမ်းဘေး နေရာတွင် ယာယီနေရာချထားမည်ဖြစ်ပြီး လက်ရှိတွင် ထားဝယ်မြစ်ကမ်းဘေး၌ မြေဖို့နေကြောင်း ၎င်းက ပြောသည်။

“လမ်းမကနေ ပေသုံးဆယ်အတွင်း ဈေးရောင်းချမှုမရှိအောင် ကြီးကြပ်ပြီးတော့ ယာဉ်သွားယာဉ်လာပိတ်ဆို့မှုမရှိအောင် လုပ်မှာပါ”ဟု အမှုဆောင်အရာရှိက ဆိုသည်။

ယာယီနေရာချမည့် ဆိပ်ကမ်းသာ ပန်းခြံအတွင်း ရောင်းချခွင့်အတွက် ဈေးသည်များကို မဲနှိုက်ရွေးချယ်စေမည်ဖြစ်ပြီး ဈေးသည်တစ်ဦးလျှင် ၆ပေ ၄ပေအကျယ် ရှိသည့် ဆိုင်ခန်းနေရာသတ်မှတ်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

လက်ရှိ ကမ်းနားဈေးအတွင်းရှိ ပျံကျ ဈေးသည်များကို ယာယီနေရာချထားပြီး ဈေးပြင်ပလမ်းဘေးတွင် ရောင်းချနေသူများကိုလည်း နည်းလမ်းတစ်မျိုးမျိုးဖြင့် စီစဉ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။

လက်ရှိကမ်းနားဈေးဝန်းကျင်ရှိ လမ်းမဘေးတွင် ရောင်းချနေသူများကိုလည်း တစ်ပြိုင်နက်တည်း ပြောင်းရွေ့ ပေးရန် လိုအပ်ကြောင်း ကမ်းနားဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းချ နေသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“၀ယ်တဲ့သူတွေက ဈေးနေရာပြောင်း သွားမှန်းမသိဘဲ ဒီမှာပဲဝယ်နေရင် ပြောင်းရတဲ့သူတွေအတွက် အဆင်မပြေနိုင်ဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လက်ရှိကမ်းနားဈေးအတွင်း ပျံကျဈေးသည် ၇၀၃ ဦးခန့်ရှိကြောင်း မြို့နယ်စည်ပင်အဖွဲ့ထံမှ သိရသည်။

ကမ်းနားဈေး ပျံကျနေရာတွင် ခေါင်မိုး ၈၀ ပေ ၄၄ ပေ အကျယ်ရှိ ဈေးရုံ နှစ်ရုံ၊ ၈၀ ပေ ၂၄ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံနှင့် ၁၆၀ ပေ ၁၀၀ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံကို ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အဖွဲ့ထံမှ သိရသည်။

အဆိုပါ ဈေးရုံ လေးရုံကို ငွေကျပ် ၃၁၄၆ သိန်းကုန်ကျခံ ဆောက်လုပ်မည် ဖြစ်သည်။

ကမ်းနားဈေးနေရာတွင် ရင်းနှီးမြှုပ်နှံသူဖြင့် အထပ်မြင့်အဆောက်အအုံဆောက်ရန်  စီစဉ်ခဲ့ဖူးသော်လည်း တစ်ထပ်ဈေးရုံကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကိုဇော်