မြိတ်တွင် ရပ်ကွက်၊ ကျေးရွာတချို့ ရှိ အိမ်ခြေ ၁၂၀၀ ထက်မနည်း သောက်သုံးရေ အခက်တွေ့

0
673

မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်း ရပ်ကွက်၊ ကျေးရွာများနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ ရေပုန်းရပ်ကွက် အုပ်စုရှိ ငြိမ်းချမ်းရေးရပ်ကွက်၊ ကလွင် ကျေးရွာအုပ်စုရှိ ငွေပုလဲရပ်ကွက်၊ ရှမ်းချောင်း ကြီး ရပ်ကွက်နှင့် စန္ဒ၀တ်ကျေးရွာအုပ်စုရှိ ကွမ်းသီးချောင်းရပ်ကွက်နှင့် အဏ္ဏ၀ါ ရပ်ကွက်တို့တွင် သောက်သုံး ရေခက်ခဲမှု များ ဖြစ်ပေါ်နေသည်ဟု မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကြီးကြပ်မှု ကော်မတီ၏ ယာယီဥက္ကဋ္ဌ ဦးခင်မောင်သန်း က ပြောသည်။

“လတ်တလော အခက်အခဲဖြစ်နေတဲ့ ဒီရပ်ကွက်တွေကို ရေရရှိရေး လုပ်ဆောင် ပေးနေပါတယ်”ဟု ၎င်းက ပြောသည်။

ရေအခက်အခဲဖြစ်လျက်ရှိနေသည့် အထက်ပါရပ်ကွက်များရှိ အိမ်ခြေ ၁၀၀၀ ကျော်အား မီးသတ်ကားများဖြင့် တစ်နေ့ လျှင် ၂ ခေါက်နှုန်း သွားရောက်ပေးဝေနေပြီး အခြားပရဟိတအဖွဲ့များကလည်း လှူဒါန်း နေကြကြောင်း ဦးခင်မောင်သန်းက ဆိုသည်။

“ရေပြတ်လာနိုင်တဲ့ အခြားရပ်ကွက် ကျေးရွာတွေကိုလည်း စာရင်းကောက်ယူမှုတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းအပြင် ပုဂ္ဂလိကရေလှူအဖွဲ့ ၅ ဖွဲ့ခန့်မှလည်း အထက်ပါကျေးရွာရပ် ကွက်များသို့ သွားရောက်လှုဒါန်းနေကြသလို နောက်ထပ် ဆက်သွယ်လာသည့် ကျေးရွာများ ဖြစ်သည့် မြိတ်မြို့နယ်မှ တက်လက်ငယ်ကျေးရွာ၊ တောင်ဖီလာ ကျေးရွာ၊ တောင်ပုလဲကျေးရွာ၊ ကဟန်း ကျေးရွာနှင့် တညက်ကျေးရွာ အုပ်စုများ သို့လည်း သွားရောက်လှူဒါန်းနေကြောင်း ပရဟိတ ရေလှူအဖွဲ့များထံမှ သိရသည်။

၎င်းအပြင် ကျွန်းစုမြို့နယ်ရှိ ကျေးရွာ တစ်ချို့တွင်လည်း ရေရှားပါးပြတ်လပ်မှုကြုံနေရကြောင်း ယင်းဒေသခံတစ်ချို့ ထံမှ သိရသည်။

မြိတ်မြို့နယ်အတွင်း နှစ်စဉ် ရေအခက် အခဲဖြစ်လေ့ရှိသည့် ခုံမော်၊ တောင်ယာထဲ၊ ရွှေဒူး၊ ဘချင်းတောင်၊ ပုလဲကုန်း၊ သစ်ယာဝ စသည့်ကျေးရွာများတွင် အ၀ီစိ တွင်းနှင့်လက်ယက်တွင်းတချို့ တူးပေးထားပြီး အခြားရေအခက်အခဲရှိနိုင်သည့် ကျေးရွာများ ကိုလည်း အကူအညီပေးနိုင် ရန် စုံစမ်းမှုများလုပ်ဆောင်နေသည်ဟု မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနှစ်လို ရေအခက်အခဲဖြစ်တာမျိုး မကြုံဖူးသေးဘူး”ဟု ငြိမ်းချမ်းရေးရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အေးသင်က ပြောသည်။

ယခုနှစ်နွေရာသီအတွင်း မြိတ်မြို့ ယခင်နှစ်ကထက် အပူချိန်မြင့်မားလာမှု ကြောင့် မတ်လဒုတိယအပတ်မှစတင်ကာ ပင်လယ်နှင့်နီးကပ်သည့်ရပ်ကွက်တချို့ တွင် ရေပြတ်လပ်မှုစတင်ကြုံခဲ့ရပြီး ယခု အခါအခြားရပ်ကွက်များပါ ရေပြတ်လပ်မှု ကြုံလာခြင်း ဖြစ်သည်။

Dawei Watch