ဟိန္ဒားသတ္တုတွင်းသို့ တိုင်းလွှတ်တော်ကော်မတီ ကွင်းဆင်းစိစစ်မည်

0
842

တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေးကော်မတီသည် လာမည့်မေလဆန်းတွင် ဟိန္ဒားသတ္တုတွင်း သို့ ကွင်းဆင်းစိစစ်မည်ဖြစ်ကြောင်း ယင်း ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

မေလ ၉ ရက်တွင် ကွင်းဆင်းရန် ယာယီသတ်မှတ်ထားကြောင်း ဦးကျော်မင်းက ပြောသည်။

ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော် ထုတ်လုပ်ခွင့်ပြုထားသည့် မြန်မာ ပွန်ပီပက်ကုမ္ပဏီက ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်က တိုင်းလွှတ်တော်သို့လာ ရောက်ကာ ၎င်းကုမ္ပဏီ၏လုပ်ငန်းစဉ်များ အားရှင်းပြခြင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် လွှတ်တော်ကော်မတီ ၀င်များက ကြားနာပြီး သိလိုသည်များကို မေးမြန်းခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက်ယခု ကွင်းဆင်းမည့်ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“သူတို့ ထပ်ပြီးလုပ်ဖို့အတွက်လေ၊ အဆိုပြုလွှာတင်တယ်ပေါ့လေ။ အစိုးရအဖွဲ့မှာ။ အဆိုပြုလွှာတင်တဲ့ ကိစ္စကို ဒီ(လွှတ်တော်)မှာ လာရှင်းပြတယ် ပေါ့လေ။ ကော်မတီက ကွင်းဆင်းဖို့ရှိ တယ်”ဟု ဦးကျော်မင်းက ဆိုသည်။

ကွင်းဆင်းတွေ့ရှိချက်ကို တိုင်းလွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ် ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ ၏ ထုတ်လုပ်ခွင့်သက်တမ်းမှာ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးတော့ မည်ဖြစ်ရာ နောက်ထပ်ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုသို့ တင်ပြထားသည်။

ယင်းထုတ်လုပ်ခွင့်ထပ်မံတောင်းခံ မှုနှင့် ပတ်သက်၍ ပြည်ထောင်စုမှ တိုင်း အစိုးရအဖွဲ့သို့ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ တိုင်းအစိုးရအဖွဲ့က ဟိန္ဒားသတ္တုတွင်း လုပ်ကိုင်ခွင့်အား တင်ဒါ စနစ်ဖြင့်သာ ဆောင်ရွက်သင့်သည်ဟု သဘောထား မှတ်ချက်ပေးထားကြောင်း သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က(ယခု ၀န်ကြီးချုပ်)က  ပြောဆိုထားသည်။

ယင်းသို့ သဘောထားမှတ်ချက် ပေးပို့ခဲ့သည်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဖြစ်သည်။

ဟိန္ဒားသတ္တုတွင်း၏ မြေပြင်အနေ အထားအရ မြန်မာပွန်ပီပက်ကုမ္ပဏီမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရသဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်သည့်ကုမ်္ပဏီများကို တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်နိုင်စေရန် ယင်း သို့သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီး ဦးမြင့်မောင်က ပြောခဲ့သည်။

ဥပဒေအရ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုက ချထားပေးခြင်း ဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒားသတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒဿမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ အထိ ၁၅ နှစ်တိတိလည်း ကောင်း၊ သက်တမ်းတိုးကာလအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လကုန်အထိ ၅ နှစ်တိတိလည်းကောင်း ထုတ်လုပ်ခွင့်ရရှိ ထားပြီး စည်းကမ်းပျက် သတ္တုထုတ်မှု ကြောင့် ယခုအစိုးရလက်ထက်တွင် သတ္တုထုတ်ခွင့် မကြာခဏ ရပ်ဆိုင်းခံခဲ့ ရသည်။

ယင်းကုမ္ပဏီ၏ စည်းကမ်းမဲ့သတ္တု ထုတ်လုပ်မှုကြောင့် မြောင်းပြိုချောင်း၊ ဟိန္ဒားချောင်းများပျက်စီးပြီး ချောင်းတစ် ၀ိုက်ရှိ ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ၊ သောက်သုံးရေများ ပျက်စီးခြင်းတို့ ဖြစ် ပေါ်ခဲ့ကြောင်း ဒေသခံတို့က ပြောကြသည်။

Dawei Watch