တနင်္သာရီတွင် ယခုလအတွင်း အကျဉ်းသား တစ်ထောင်နီးပါးလွှတ်၊ တတိယအကြိမ် ထပ်လွှတ်ပေးရန်ရှိ

0
1222
ဓာတ်ပုံ - မိုးအိ

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း အကျဉ်းသားဦးရေ တစ်ထောင်နီးပါးကို လွှတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ပထမအကြိမ်အဖြစ် နှစ်ဆန်းတစ် ရက်နေ့(ဧပြီလ ၁၇ ရက်) တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ရှိ အကျဉ်းထောင် များနှင့် ဆင်ဖြူရှင်၊ ကျောက်ဖြူတောင်၊ နတ်စင်ကုန်း အလုပ်စခန်းများမှ အကျဉ်းသား စုစုပေါင်း ၅၈၁ ဦးကို လွှတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီး ဌာနစာရင်းအရ သိရသည်။

ဒုတိယအကြိမ် ဧပြီလ ၂၆ ရက်တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ အကျဉ်း ထောင်များနှင့် ဆင်ဖြူရှင် အလုပ်စခန်းမှ စုစုပေါင်း အကျဉ်းသား ၃၉၄ ဦး လွှတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ဆိုသည်။

“အမိန့်စာအရဆို ထပ်လွှတ်အုန်းမယ့် သဘောရှိတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် အကျဉ်းသားများကို တတိယ အကြိမ် ထပ်မံလွှတ်ပေးရန် အစီအစဉ်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးနှင့်ဆက်နွယ်သူများပါ ပါဝင်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများအား ဧပြီလ ၂၆ ရက်တွင် ပြောဆိုထားသည်။

ထားဝယ်အကျဉ်းထောင်တွင် လွတ်ငြိမ်းသက်သာခွင့်ပေးသည့် နှစ်ကြိမ်စလုံး၌ မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရ သူ အများဆုံး လွတ်မြောက်ခဲ့ကြောင်း ယင်းအကျဉ်းထောင်တာဝန်ခံအရာရှိဖြစ် သူ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လွင်က ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် နိုင်ငံတော်သမ္မတ၏ ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် အကျဉ်းသား စုစုပေါင်း ၉၅၃၅ ဦးနှင့် ဒုတိယအကြိမ်တွင် ၆၉၄၈ ဦးကို လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကိုဇော်