ကော့သောင်းတွင် ရပ်ကွက်/ကျေးရွာ တစ်ဆယ်ဝန်းကျင် သောက်ရေသုံးရေ အခက်တွေ့

0
493

ကော့သောင်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်နှင့် မြို့နယ်အတွင်း ကျေးရွာအချို့ သောက်သုံးရေ အခက် အခဲများ ကြုံတွေ့နေရကြောင်း ယင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ယခုနှစ်တွင် အပူရှိန်လွန်ကဲသည့် အတွက် ရေတွင်းများ ခန်းခြောက်မြန်ကာ ယင်းသို့ ကြုံရခြင်းဖြစ်ကြောင်း အထက်ပါ အသိုင်းအ၀ိုင်းက ခန့်မှန်းသည်။

မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုလဲလမ်းတစ်လျှောက် တောင်ပေါ်နေအိမ် များ၊ ရွှေမင်းဝံ၊ ပိတောက်ရွှေဝါ၊ ရွှေဇင်ယော်၊ အောင်သုခ၊ ဘုရင့်နောင်၊ အဏ်္ဏ၀ါနှင့် ရွှေပြည်သာရပ်ကွက် တို့တွင် ပိုမိုပြတ်လပ်လျက် ရှိသည်။ 

မြို့ပေါ်တွင် ရေအခက်အခဲရှိသကဲ့သို့ ယမုံနာ၊  ခမောက်ငယ်နှင့် ရေငံချိုင်ကျေးရွာ တို့တွင်လည်း သောက်ရေ အခက်အခဲ ကြုံတွေ့နေရကြောင်း ယင်းကျေးရွာများထံမှ သိရသည်။

ရေရှားလာသည့်နောက်ပိုင်းတွင် မြို့ပေါ်မှ ၈ မိုင်ခန့်ဝေးသည့်နေရာများ အထိပါ ရေသွားသယ်ယူရသောကြောင့် ရေသယ်ကားများ၏ ရေဈေးနှုန်းမှာလည်း ဆတိုးမြင့်တက်လာကြောင်း ပုလဲလမ်းနေ ဦးကျော်ဆန်းက ပြောသည်။

“အခုချိန်မှာ ပိုက်ဆံ ရှိရင်တောင် သုံးရေ ၀ယ်ချင်တိုင်းဝယ်လို့ မရဘူး”ဟု ၎င်းက ဆိုသည်။

ရေရှားပါးနေသည့် ရပ်ကွက်/ကျေးရွာများတွင် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဌာန၊ NLD ပါတီနှင့် အခြား ပရဟိတအဖွဲ့များလည်း ရေလှူဒါန်း လျက်ရှိကြောင်း NLD ပါတီ တိုင်းလူငယ် တာဝန်ခံ မနွေးနွေးအောင်ရင်က ဆိုသည်။ 

၂၀၁၆ခုနှစ်တုန်းကလည်း ယခုကဲ့သို့ ရေရှားသည့် အခြေအနေမျိုး ကြုံဖူးကြောင်း ရွှေဇင်ယော်ရပ်ကွက်နေ ဒေါ်မိစုက ဆိုသည်။ 

ယခုနှစ် နွေရာသီအတွင်း ယခင်နှစ် ကထက် အပူချိန်မြင့်မားလာမှုကြောင့် ဧပြီလ ပထမအပတ်မှစတင်ကာ ပင်လယ် နှင့်နီးကပ်သည့် ကျေးရွာတချို့တွင် ရေပြတ်လပ်မှုစတင်ကြုံခဲ့ရပြီး ယခုအခါ မြို့ပေါ်ရပ်ကွက်များပါ ရေပြတ်လပ်မှု ကြုံလာခြင်း ဖြစ်သည်။

Dawei Watch