တရားရုံးအမှုများ ကော့သောင်းတွင် အများဆုံးကြန့်ကြာ

0
425

တရားရုံးရောက်ပြီး အချိန်ခြောက်လ အထက် ကြန့်ကြာနေသည့်အမှု အများဆုံး မှာ ကော့သောင်းခရိုင်နှင့် ကော့သောင်း မြို့နယ် တရားရုံးတို့ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ကော့ သောင်းမြို့နယ်တွင် အချိန် ၆ လအထက် ကြန့်ကြာနေသည့်အမှုအရေအတွက် ၉၀ ၀န်းကျင်ခန့်ရှိပြီး ကော့သောင်းခရိုင်တွင်လည်း ကြန့်ကြာမှုများရှိနေကြောင်း ဦးစိုးမြင့်က ဆိုသည်။

ကော့သောင်းခရိုင်တွင်မူ အချိန် ၆ လ အထက် ကြန့်ကြာနေသည့်အမှု အရေအတွက် မည်မျှရှိသည်ကိုမူ ထည့်သွင်းပြော ဆိုခဲ့ခြင်း မရှိပေ။

တိုင်းဒေသကြီး တရားလွှတ်တော်ရုံး တွင် ဧပြီလ ၁၁ ရက်က ကျင်းပသည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မှုခင်းစီမံခန့်ခွဲမှု(CMP) အစီအစဉ် ကို ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ် မြို့နယ်တရားရုံးတို့တွင်သာ လုပ်ဆောင် နေပြီး ကော့သောင်းတွင် ထိုအစီအစဉ် မရှိသည့်အတွက် ကြန့်ကြာမှုရှိကြောင်း ဦးစိုးမြင့်က ဆိုသည်။

CMP အစီအစဉ်ရှိပါက တရားရေး၊ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့ စသည့်အဖွဲ့အစည်းများအကြား ညှိနှိုင်းလုပ်ဆောင်နိုင်သည့် အတွက် အမှုကြန့်ကြာမှု နည်းပါးကြောင်း ၎င်းက ပြောသည်။

“ကြန့်ကြာတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ချင်တယ်၊ ညှိနှိုင်းချင်တယ်။ အဲဒီမှာ ဃဏြ မရှိဘူး”ဟု တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်က ဆိုသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ရိုးရှင်းသည့် ရာဇ၀တ်မှုများကို အချိန် ၆ လ အတွင်း၊ ရှုပ်ထွေးသော ရာဇ၀တ်မှုများကို အချိန် ၉ လ အတွင်း၊ ရိုးရှင်းသော တရားမ မှုများကို အချိန် ၁ နှစ်အတွင်း၊ ရှုပ်ထွေးသော တရားမမှုများကို အချိန် ၁ နှစ်ခွဲအတွင်း အစသဖြင့် အမှုပြီးပြတ်ရမည် ဖြစ်သည်။

လက်ရှိ ကော့သောင်းမြို့နယ်တွင် အမှုကြန့်ကြာနေသည့်အမှု ၅၀ ခန့်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

ကြန့်ကြာနေမှုဖြစ်စဉ်အများစုမှာ တရားလိုပြသက်သေ မလာရောက်ခြင်းကြောင့် ဖြစ်သည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့် နှစ်ဦးနှစ်ဖက်ကို စစ်ဆေး မည့်ရက်အား ကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်း ဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်း မရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံး ထံမှ သိရသည်။

Dawei Watch