မြိတ်တွင် ဆိုင်ကယ်ခိုးသည်ဟု ယူဆရသူ ငါးဦးဖမ်းမိ

0
493

မြိတ်မြို့တွင် ဆိုင်ကယ်များ ခိုးယူ နေသည်ဟု ယူဆရသည့် အမျိုးသား ငါးဦးအား ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

ရွှေပြည်တန်ရပ်ကွက်ရှိ ခိုးယူမှုနှင့် ပတ်သက်၍ ကျော်ဇော သတင်းရှိသည် ဆိုသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး၏ နေအိမ်တွင် နံပါတ်ပြားမတပ် ထားသည့် ဆိုင်ကယ်သုံးစီးရှိနေကြောင်း သတင်းအရ ဧပြီလ ၂၃ ရက်က သွားရောက် စစ်ဆေးရာ ပိုင်ဆိုင်မှုအထောက်အထား မပြနိုင်ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

၎င်း၏ ထွက်ဆိုချက်အရ အတူတကွ ဆိုင်ကယ်ခိုးယူခဲ့သည်ဟု ယူဆရသည့် အမျိုးသားသုံးဦးနှင့် နောက်ထပ်ဆိုင်ကယ် နှစ်စီးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

“သူတို့တွေက ဆိုင်ကယ်နံပါတ် ပြားမရှိတဲ့ ဆိုင်ကယ်တွေကို ရွေးပြီး ခိုးကြတာ”ဟု မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းအပြင် ခိုးမှုနှင့်ပတ်သက်၍ ကျော်ဇောသတင်းရှိသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးမှာ တပ်ပြင်ရပ်ကွက် ရှိ နေအိမ်တန်းလျားတစ်ခုတွင် ရောက်ရှိနေကြောင်း သတင်းအရ ဧပြီလ ၂၄ ရက် တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းသို့သွားရောက်စစ်ဆေးရာ ခိုးယူထားသည့် နံပါတ်မပါသည့် Dream 125 ဆိုင်ကယ်တစ်စီးအား ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်းအရ သိရသည်။

နံပါတ်ပြားမတပ်ထားသည့် ဆိုင်ကယ် အများစုမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ခြင်းကြောင့် ဆိုင်ကယ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ လာရောက်တိုင် ကြားပြောဆိုခြင်း မရှိကြောင်း အထက်ပါ တာဝန်ရှိ ရဲအရာရှိက ဆိုသည်။

လက်ရှိတွင် ဆိုင်ကယ်ခိုးသည်ဟု ယူဆရသူများအား မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲ စခန်းထံမှ သိရသည်။

Dawei Watch