ပုစွန်မွေးရန် ဒီရေတော အပြောင်ရှင်းထားမှု ယခုအချိန်မှ ကွင်းဆင်းစိစစ်မည်ဆိုပါက ပြောင်တလင်းခါသွားနိုင် ဟုဆို

0
1278

ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေးရန်အတွက် ခွင့်ပြုချက်မရှိဘဲ ဒီရေတော အပြောင်ရှင်းထားသည့်ကိစ်္စကို ယခုအချိန်မှ ကွင်းဆင်း စိစစ်မည်ဆိုပါက မြေပြင် အခြေအနေတွင် ပြောင်တလင်းခါသွား နိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

ဧပြီလ ၈ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

လွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများ၏ တရားဝင်ခွင့်ပြု ချက်မရှိဘဲ ဒီရေတောများကို အပြောင် ရှင်း၍ ပုစွန်မွေးမြူရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုမ္ပဏီများကို တိုင်းအစိုးရအနေဖြင့် ထိရောက်ပြတ်သားစွာ အရေးယူရန် အစီအစဉ်ရှိ / မရှိ ဒေါက်တာထူးနေအောင်က မေးမြန်းခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်း၌ ပြည်ဖြိုး ထွန်းကုမ္ပဏီနှင့် ခိုင်ဇင်ယော်ကုမ္ပဏီတို့သည် ဒီရေတောဧကပေါင်းများစွာကို ခွင့်ပြုချက်မရှိဘဲ အပြောင်ရှင်းထားပြီး ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းကို လက်ရှိ အချိန်ထိ လုပ်ဆောင်နေကြောင်း ဒေါက်တာထူးနေအောင်က ဆိုသည်။

အဆိုပါ မေးမြန်းချက်ကို တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဦးမြင့်စန်းက သက်ဆိုင် ရာဌာနများအား ကွင်းဆင်းစိစစ်စေပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိသည့် ကိစ်္စရပ်များတွေ့ရှိပါက  သက်ဆိုင်ရာဥပဒေ နှင့်အညီအရေးယူမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“၀န်ကြီးကိုယ်တိုင်ကွင်းဆင်းမယ်ဆိုရင် ဟိုမှာ ပုစွန်အပွကြော်နဲ့ ဧည့်ခံတဲ့ အခြေအနေအထိ ရောက်သွားမှပဲ အရေးယူလို့ ရမယ့် အခြေအနေ ဖြစ်နေပါ တယ်”ဟု ဒေါက်တာထူးနေအောင်က ပြောသည်။

အဆိုပါ လုပ်ငန်းကို မြန်မာနိုင်ငံရင်း နှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်မရှိခြင်း ၊ မြေယာလုပ်ကိုင်ခွင့် ခွင့်ပြုထားမှုမရှိခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ပုစွန်မွေးမြူရေး ယာယီလိုင်စင်လျှောက်ထားမှုမရှိခြင်းတို့ ကြောင့် တိုင်းအစိုးရအဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က အရေးယူဆောင်ရွက်မည်ဟု မတ်လအတွင်းက ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးက ဖြေကြားထားသည်။

ပြည်ထောင်စုဒုတိယ၀န်ကြီးက အရေးယူမည်ဟု ဖြေကြားထားသော်လည်း တိုင်းအစိုးရအဖွဲ့ဝန်ကြီးက ယခုအချိန်မှ ကွင်းဆင်းစစ်ဆေးမည်ဟု ဖြေကြားသည့် အပေါ် ဒေါက်တာထူးနေအောင်က အထက် ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အထက်ပါကုမ္ပဏီနှစ်ခုစလုံးက မြေယာပြုပြင်သည့်လုပ်ငန်းကို လက်ရှိ အချိန်ထိ လုပ်ဆောင်နေဆဲဖြစ်ပြီး ကုမ္ပဏီ တစ်ခုကမူ ပုစွန်မွေးမြူရေး လုပ်ငန်းကိုပင် စတင်နေပြီဖြစ်ကြောင်း ဒေါက်တာ ထူးနေအောင်က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ကျားကြီးအော်ကျေးရွာအနီးရှိ ပုစွန်မွေးမြူရေးလုပ်ငန်းအတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်လျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းပမာဏကြီးမားသဖြင့် မြေပြုပြင်ခြင်း၊ မြေညှိခြင်း၊ ၀န်ထမ်းများနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ကြိုတင်ခွင့်ပြု ကြောင်းနှင့် တိုင်းမြေစာရင်း၊ တိုင်းသစ်တော ဌာနတို့၏ စိစစ်ချက်ခိုင်မာမှသာလုပ်ငန်း အားခွင့်ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီထံ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ အတွင်းက အကြောင်းကြားထား ခဲ့သည်။

ဥပဒေနှင့် မညီသကဲ့သို့ သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်လည်းမရှိဘဲ ယင်း ကဲ့သို့ လုပ်ငန်းကြိုတင်ခွင့်ပြုထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်ရှိ/ မရှိကို ဒေါက်တာထူးနေအောင်က ထပ်မံ မေးမြန်းခဲ့သည်။

လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများကို ရပ်ဆိုင်းထားစေမည်ဖြစ်ပြီး ခွင့်ပြု ချက်ရရှိမှသာ ပြန်လည်လုပ်ကိုင်စေမည် ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ယင်းကုမ္ပဏီနှစ်ခုကို မည်သည့် အချိန်တွင်ရပ်ဆိုင်းစေမည်ဟု ဒေါက်တာ ထူးနေအောင်က ထပ်မံမေးမြန်းခဲ့ရာ ၀န်ကြီးက စာဖြင့်ပြန်လည်ဖြေကြားမည် ဟု ပြောဆိုခဲ့သည်။

အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်အတွင်း မြိတ်ဒေသခံတစ်ဦး၏ မေးမြန်းမှုအပေါ် တိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းကို ခွင့်ပြုထားခြင်းမရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဦးမြင့်စန်းက ဖြေဆိုထားသည်။

ပြည်ဖြိုးထွန်းကုမ္ပဏီနှင့် ခိုင်ဇင်ယော်ကုမ္ပဏီ တာဝန်ရှိသူများကမူ ဧကထောင် ချီအပြောင်ရှင်းသည် ဆိုသည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုထားသည်။

Dawei Watch