မော်လမြိုင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းအတွက် လျှောက်လွှာစရောင်း

0
747

မော်လမြိုင်မြို့နယ်၊ ကြာအင်း ကျေးရွာရှိ ဗညားဒလတန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများအတွက် လျှောက်လွှာများကို စတင်ရောင်းချနေပြီဖြစ်ကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

တိုက်ခန်းဝယ်ယူလိုသူများသည် တိုက်ခန်းလျှောက်လွှာများကို တစ်စောင် လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် မွန်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးစီးဌာနရုံးတွင် ဧပြီလ ၂၂ ရက်မှ မေလ ၅ ရက်နောက်ဆုံး ထား ၀ယ်ယူလျှောက်ထားနိုင်သည်ဟု ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးစီးဌာနက ကြေညာထားသည်။

“လျှောက်လွှာတွေကို နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းနဲ့ ပြည်သူဆိုပြီးတော့ ၃ မျိုးနဲ့ ခွဲရောင်းတယ်၊ တိုက်ခန်းတွေကို ရောင်းတဲ့နေရာမှာ ဦးစားပေး သတ်မှတ် ချက် ၆ ချက်/၇ ချက်နဲ့ ရောင်းသွားမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဗညားဒလတန်ဖိုးသင့်အိမ်ရာ ၄ ခန်းတွဲ ၄ ထပ်တိုက် ၁၄ လုံးတွင်ရှိသည့် အခန်းပေါင်း ၂၂၄ ခန်းကို ရောင်းချသွားမည်ဟု ၎င်းထံမှ သိရသည်။

ရောင်းချမည့်တိုက်ခန်းဈေးနှုန်းများ မြေညီထပ်တွင် ကျပ်သိန်း ၂၃၅၊ ပထမထပ် တွင်ကျပ်သိန်း ၂၁၀၊ ဒုတိယထပ်တွင် ကျပ်သိန်း ၁၉၅နှင့် တတိယထပ်တွင် ကျပ်သိန်း ၁၈၀ ဖြင့် ရောင်းချရန် သတ်မှတ်ထားသည်။

တိုက်ခန်းများကို မွန်ပြည်နယ် အတွင်း နေထိုင်သူ၊ မွန်ပြည်နယ်တွင် အိမ်ပိုင် မြေပိုင် မရှိသူ၊ ငွေလက်ငင်းပေးချေနိုင်သူ အစရှိသည့် စည်းကမ်းသတ်မှတ် ချက် ၇ ချက်တို့ဖြင့် ဦးစားပေး ရောင်းချ သွားမည် ဖြစ်သည်။

ဗညားဒလတန်ဖိုးသင့်အိမ်ရာကို ၄ ခန်းတွဲ ၄ ထပ်တိုက် ၁၆ လုံး တည်ဆောက်ထားသော်လည်း တိုက် ၂ လုံးအား ချန်လှပ်၍ တိုက် ၁၄ လုံးကိုသာ ရောင်းချ သွားမည်ဟု ပြည်နယ်အစိုးရထံမှ သိရသည်။

ဗညားဒလတန်ဖိုးသင့်အိမ်ရာသည် လက်ရှိအစိုးရ၏ ပထမဆုံးအကောင် အထည်ဖော်ခဲ့ အိမ်ရာဖြစ်ပြီး ကျိုက်မရော၊ သံဖြူဇရပ်၊ ကျိုက်ထိုမြို့နယ်တို့တွင်လည်း တန်ဖိုးသင့်အိမ်ရာစီမံကိန်း အကောင် အထည်ဖော်သွားရန်လည်း ပြည်နယ် အစိုးရက စီစဉ်လျက် ရှိသည်။

ယဉ်စနိုင်း