မွန်တွင် မြို့နယ်အားလုံးနီးပါး ရေပြတ်လပ်

0
488
ဓာတ်ပုံ - မြို့နယ်စည်ပင်သာယာရေးအဖွဲ့

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးနီးပါး ကျေးရွာများတွင် သင်္ကြန်ကာလနောက်ပိုင်းမှ စတင်၍ ရေပြတ်လပ် မှုဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ မြို့နယ်များရှိ ဒေသခံအချို့ထံမှ သိရသည်။

မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များရှိ ကျေးရွာ အများစုတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု ယင်းဒေသများရှိ ဒေသခံအချို့က ပြောသည်။

“ကျွန်မတို့က ရေတွင်းရေ သုံးတယ်၊ ရေတွင်းရေက ခန်းတော့ အခု ၀ယ်သုံး နေရတယ်၊ ခါတိုင်းနှစ်ဆိုရင် သုံးလို့ လောက်တယ်။ ဒီနှစ်က မလောက်ဘူး။ ရေက ခန်းကုန်တယ်။ ရေအလကား လာဝေပေးတာတော့ မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ ၀ယ်သုံးနေရတယ်”ဟု မုဒုံမြို့နယ်၊ ရောင်း ဒေါင်းကျေးရွာတွင် နေထိုင်သည့် မမြင့်ဝေက ပြောသည်။

ရေကို ၀ယ်သုံးနေရပြီး ရေ အနည်းအများအပေါ်မူတည်၍ မော်တော်ယာဉ်ဖြင့် ရေတစ်ခေါက်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ အကြား ပေး၍ ၀ယ်သုံးနေရသည် ဟု ဒေသခံအချို့က ဆိုသည်။

သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပွားပါက အကူအညီတောင်းခံနိုင်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေပြတ် လပ်မှုဖြစ်လျှင် သောက်သုံးရေ ဖြန့်ဝေပေး နိုင်ရေး စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

ရေပြတ်လပ်မှုဖြစ်ပွားလေ့မရှိသည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တို့တွင်လည်း ယခုနှစ်တွင် ရေပြတ်လပ်မှုဖြစ်ပွားနေပြီး ရပ်ကွက် ၁၀ ခုခန့်တို့ကို စည်ပင်သာယာ ရေးအဖွဲ့မှ ရေသယ်ယာဉ်ဖြင့် ရေလိုက်လံ ဖြန့်ဝေပေးနေရသည်ဟု မော်လမြိုင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်သိန်းက ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ်နွေရာသီ၌ ပေါင်၊ ဘီးလင်း၊ သထုံမြို့နယ် ၃ မြို့နယ် တို့မှ ကျေးရွာပေါင်း ၂၂ ရွာခန့်တို့တွင်သာ ရေရှားပါးမှု ကြုံတွေ့နိုင်သည်ဟု ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ခန့်မှန်းထားသည်။

ယဉ်စနိုင်း