ထားဝယ်အကျဉ်းထောင်တွင် HIV လူနာအသစ် အကျဉ်းသား ၇ ဦးတွေ့

0
605

ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်း ကျနေသူများနှင့် အချုပ်ကျနေသူများကို ကျန်းမာရေးစစ်ဆေးခဲ့ရာ HIV လူနာ အသစ် ခုနစ်ဦး တွေ့ရှိရကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

အကျဉ်းကျနေသူများနှင့် အချုပ်ကျ နေသူ အမျိုးသား ၈၅၆ ဦးနှင့် အမျိုးသမီး ၅၆ ဦးကို စုစုပေါင်း ၉၁၂ ဦးကို ဧပြီလ ၆ ရက်က ကျန်းမာရေးစစ်ဆေးရာမှ အမျိုးသား ၆ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တွင် HIV ပိုးတွေ့ရှိခဲ့ကြောင်း ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်တင့်ထွန်းက ဆိုသည်။

“ပိုးတွေ့တဲ့လူနာအသစ်တွေကို    ဆေးစပေးဖို့ လုပ်နေပြီ”ဟု ဒေါက်တာ ကျော်တင့်ထွန်းက ပြောသည်။

ထားဝယ်အကျဉ်းထောင်တွင် ART (HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့် ဆေး) ဆေးသောက် နေရသည့် HIV လူနာအဟောင်း ၁၆ ဦးရှိပြီး ယခုလအတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာတွင် ၂ ဦးပါကြောင်း ၎င်းက ဆိုသည်။

ဧပြီလ ၆ ရက်က ထားဝယ်ထောင်ရှိ အကျဉ်းသားများတွင် HIV ပိုး စစ်ဆေးခဲ့သည့်နည်းတူ တီဘီရောဂါ ရှိ/မရှိကိုလည်း စစ်ဆေးခဲ့သည်။   

  ကိုဇော်