မီးသတ်ကားများ ရရှိသည့်စက်သုံး ဆီခွဲတမ်း မပိုလျှံဟု တုံ့ပြန်

0
523

မီးသတ်ကားတစ်စီးလျှင် တစ်လရရှိသည့် စက်သုံးဆီခွဲတမ်းမှာ ပိုလျှံခြင်း မရှိကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူးက ပြောသည်။

မီးသတ်ကားတစ်စီးလျှင် တစ်လအတွက် စက်သုံးဆီ ၁၇ ဂါလံ သတ်မှတ် ထားပြီး ကားကြံ့ခိုင်ရေး၊ သတ်မှတ်လေ ပေါင် ပြည့်နေစေရေးနှင့် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရန် စက်နှိုးခြင်းတို့ ပုံမှန်ပြုလုပ် နေသည့်အတွက် ပိုလျှံခြင်းမရှိကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ဆိုသည်။

ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တနင်္သာရီမဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးရဲမြင့်ဆွေက အမှန်တစ်ကယ် သုံးစွဲခြင်း မရှိသည့် စက်သုံးဆီများကို ပြန်လည် အပ်နှံရန် တိုက်တွန်းခဲ့သည်။

တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနများ၏ သတ်မှတ်ထားသော ရာထူးအလိုက် သုံးစွဲနေသော ကား အရေအတွက်နှင့် ခွင့်ပြုထားသည့် စက်သုံးဆီခွဲတမ်းများ၊ စက်သုံးဆီဝယ်ယူသည့်ပေါက်ဈေးနှင့် ဌာနအတွင်း မည်ကဲ့သို့ ခွဲဝေသုံးစွဲနေသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပြီး ထပ်ဆင့်မေးခွန်းမေးမြန်းချိန် မီးသတ်ကား စက်သုံးဆီခွဲတမ်းကိစ်္စမှာ လည်း စိတ်ဝင်စားစရာကောင်းပြီး ပိုလျှံပါက ပြန်လည်အပ်နှံသင့်ကြောင်း တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အမှန်တကယ်သုံးစွဲခြင်းမရှိတဲ့ဆီ ကို ပြန်လည်အပ်နှံဖို့လည်း လိုအပ်တယ် လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါ တယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

မီးသတ်ကားတစ်စီးသည် လေပေါင် ပြည့်နေစေရန် နေ့စဉ် (၁၅မိနစ်ခန့်) နှစ်ကြိမ် စက်နှိုးရပြီး ယင်းအတွက် တစ်ရက်လျှင် စက်သုံးဆီ ၂ ပုလင်းနှုန်းဖြင့် တစ်လကို ၁၀ ဂါလံ ကုန်ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“မီးသတင်းရပြီး တစ်မိနစ်အတွင်း ထွက်နိုင်အောင် လေပေါင်ဖြည့်ထားရ တယ်၊ လေပေါင်မပြည့်ရင် ဘရိတ်မမိ တော့ဘူး”ဟု ဦးသိန်းဇော်ဝင်းက ပြောသည်။

ယင်းအပြင် တပ်ဖွဲ့ဝင်များ တစ်ပတ် တစ်ကြိမ် မီးသတ်ကား ရေစုပ် ရေပက် လေ့ကျင့်ခြင်းအတွက် တစ်ပတ်လျှင် ကားတစ်စီးအတွက် ၃ ပုလင်းနှုန်းဖြင့် တစ်လ ၂ ဂါလံ ကုန်ကြောင်း ၎င်းက ပြောသည်။

ကျန်သည့်စက်သုံးဆီများကို  မီးဘေးကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ မတော်တဆမှုများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မီးဘေးအန္တရာယ် သတိပေးကြေညာခြင်း အစရှိသည့် လုပ်ငန်းများအတွက်လည်း သုံးစွဲကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ မီးသတ် စခန်းများတွင် မီးသတ်ယာဉ် ၁၁၃ စီး၊ လူနာတင်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၅ စီး၊ ထော်လာဂျီ ၁၂ စီး၊ ရေယာဉ် ၁၅ စီးနှင့် အပေါ့စားစက် ၉၉ လုံးရှိကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက လွှတ်တော်အစည်း အဝေးတွင် ဖြေဆိုထားသည်။

ကိုဇော်