အမည်ပျက်ကုမ္ပဏီ ၁၃ ခု စာရင်းထုတ်ပြန်၊ ကုမ္ပဏီအသစ် ပြန်လျှောက်နိုင်

0
1009

တနင်္သာရီတိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီ ၁၃ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်ပျက် စာရင်းသွင်းကာ ဧပြီလအတွင်းက ကြေညာခဲ့သည်။

အဆိုပါကုမ္ပဏီများ တာဝန်ယူ ဆောက်လုပ်သည့် အဆောက်အအုံများသည် အရည်အသွေး မပြည့်မီခြင်း၊ သတ်မှတ် ကာလအတွင်း မပြီးစီးခြင်းတို့ကြောင့် အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်)အထိ ကာလအတွင်း အမည် ပျက်စာရင်း သွင်းခံထားရသည့် ကုမ္ပဏီ ၁၃ ခု၏ အမည်စာရင်းကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းက ဆောက်လုပ်ရေးဝန်ကြီး ဌာနထံ ပေးပို့ခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

တိုင်းအစိုးရက အမည်ပျက်စာရင်း သွင်းထားသည့် ကုမ္ပဏီအမည် ၂ ခု ထက်မနည်းကိုလည်း ထပ်မံပေးပို့ရန် ရှိသေးကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီအမည်နှင့် ကုမ္ပဏီတာဝန်ရှိသူ အမည်များကိုပါ ဖော်ပြထားသည်။

လက်ရှိ အမည်ပျက်စာရင်း ကြေညာ ခံရသည့် ကုမ္ပဏီပိုင်ရှင်များအနေဖြင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အရ ကုမ္ပဏီအသစ် ထပ်မံလျှောက်ထား နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန(DICA)မှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

“ကုမ္ပဏီကိုပဲ Black List (အမည်ပျက်) လုပ်တာလေ၊ လူကို Black List  လုပ်တာ မဟုတ်တဲ့ အခါကျတော့ လူကနေပြီးတော့ တခြားကုမ္ပဏီတစ်ခုဖွင့်ပြီးတော့ လာပြန် တင်လို့ ရတယ်”ဟု ဒုတိုင်းဦးစီးမှူးက ပြောသည်။

အမည်ပျက်စာရင်းအသွင်းခံရသည့် ကုမ္ပဏီပိုင်ရှင်များသည် ကုမ္ပဏီအသစ် ထပ်မံလျှောက်ထားပြီး လုပ်ငန်းများ ထပ်မံလုပ်ခွင့် ရပါက ယခင်အတိုင်းထပ်မံ လုပ်ဆောင်နေလိမ့်မည်ဖြစ်ကြောင်း ထားဝယ်မြို့အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်။

“ဥပဒေအရ ခွင့်ပြုလို့ရတယ်ဆိုပေမယ့်လည်း တိုင်းအစိုးရက စီမံခန့်ခွဲမှု နည်းလမ်းအရ ပိုင်ရှင်နာမည်တွေကို မှတ်ထားပြီး တင်ဒါမပေးသင့်တော့ဘူး”ဟု ၎င်းက ဆိုသည်။

အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီပိုင်ရှင်အနေဖြင့် ကုမ္ပဏီအမည် အသစ်ဖြင့် ထပ်မံလုပ်ဆောင်မည်ဆိုပါက လူပုဂ်္ဂိုလ်အမည်ကို သိနေပြီဖြစ်သည့် အတွက် အစိုးရ၏ တင်ဒါလုပ်ငန်းများ လုပ်ခွင့်ရရန် အခွင့်အရေးနည်းပါးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၂၇၀ ကျော် ရှိကြောင်း တိုင်းဒေသကြီး DICA ဌာနထံ မှ သိရသည်။

တနင်္သာရီတိုင်းရှိ အမည်ပျက် စာရင်းကြေညာခံရသည့် ကုမ္ပဏီစာရင်း

ကော့သောင်းသရီးစတား
စေတနာအားမာန်
ယွန်းနဒီ
Jewel Ocean
TKT
ရွှေတောင်းရှည်
ပိုင်ပြည့်ဖြိုး
Road Master
စွမ်းထက်ယံ
၁၀ Myanmar Gold Global
၁၁ ကမ္ဘာကြည်
၁၂ E.S.W
၁၃ Go Between

Dawei Watch