ဖွံ့ ဖြိုးတိုးတက်မှု ကပ်ဆိုး

0
1158

လျှပ်စစ်စွမ်းအင်ဖူလုံမှုအတွက် အပါအ၀င် စီးပွားရေးစီမံကိန်းကြီးများကြောင့် လူ့ဘ၀ပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ မိသားစုပေါင်းများစွာ၊ သဘာဝရင်းမြစ်များစွာ ထိခိုက်နစ်နာရသည့် အဖြစ်မျိုးကို မြင်တွေ့ကြားသိရသည့်အခါတိုင်း သက်ပြင်းချ ခေါင်းခါ ဖြစ်ရသည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကိစ္စ ပြန်ဦးမော့လာပြီး လူထုကြား ပွက်လောရိုက်နေသည်နှင့် တစ်ချိန်တည်းတွင် ကျွန်းစုမြို့နယ်တွင်လည်း လတ်တလောတွင် ဒီရေတော ဧကထောင်ချီ အပြောင်ရှင်းပြီး ပုစွန်မွေးမြူရေးစီမံကိန်း လုပ်မည့်ကိစ္စနှင့် ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။

ထိုသို့သော စီမံကိန်းများအပြင် အခြားစီမံကိန်းဆိုင်ရာ ကိစ္စများတွင် စီမံကိန်းအကောင်အထည်ဖော်သူများ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ စသည့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ၏ စဉ်းစားချက်များသည် “ဖွံ့ဖြိုးတိုးတက်မှု”ကြောင့် ကပ်ဆိုးများကြုံရအောင် လုပ်နေသကဲ့သို့  ဖြစ်နေသည်။

ထို့ကြောင့် ပြီးခဲ့သည့် ၇ နှစ် ၂၀၁၂ ခုနှစ် မတ်လထုတ် Living Color မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဟန်ထက်၏ ဖွံ့ဖြိုးတိုးတက်မှုကပ်ဆိုး ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်သည်။

ဆောင်းပါး၏ဆိုလိုရင်း အနှစ်ကို မျှဝေလိုသည့်အတွက် ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး ပါဝင်သည့် အခြေအနေအခင်းအကျင်းများမှာ ၂၀၁၂ ခုနှစ် ၀န်းကျင်ကာလ အခြေအနေအခင်းအကျင်းများ ဖြစ်သည်။

အယ်ဒီတာ

ဖွံ့ ဖြိုးတိုးတက်မှု ကပ်ဆိုး

ဖွံ့ဖြိုးတိုးတက်မှုဟူသည် ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်ဖြစ်သကဲ့သို့ လူတိုင်း ကြားချင်သည့် ခွန်းချိုစကား တစ်ခုလည်း ဖြစ်ပေသည်။

လူတစ်ဦးချင်းစီတွင် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ချင်းစီတွင် ဖြစ်စေ၊ အစိုးရတစ်ခုချင်းစီတွင်ဖြစ်စေ ၎င်းတို့ နားလည် လက်ခံထားသည့် အဓိပ္ပာယ် ဖွင့်ဆိုမှုများ ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ကြိုးစားကြသည်။

ဟီးထနေသည့်အိမ်များ၊ အရောင် တဖိတ်ဖိတ်တောက်နေသော ကားများပိုင်မှ ဖွံ့ဖြိုးတိုးတက်သည်ဟု ထင်ကြသူများသည် အိမ်များ၊ ကားများ ပိုင်ဆိုင်ရန် ကြိုးစားအားထုတ်ကြသည်။

ထို့အတူပင် အဖွဲ့ အစည်းများသည် လည်းကောင်း၊ အစိုးရများသည် လည်းကောင်း ယင်းသို့ပင် ၎င်းတို့၏ ရည်မှန်းချက် ရောက်ရေးအတွက် ကြိုးစားဖော် ဆောင်ကြသည်။

မြန်မာနိုင်တွင် စီးပွားရေး ဦးတည် ချက်လေးရပ်အနက် ပထမဆုံးအချက် ဖြစ်သည့် “စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟု ယခင်အစိုးရ လက်ထက်က ရှိရာ၊ ယခုလက်ရှိ ရွေးကောက်တင်မြောက် ခံရသည့် အစိုးရဖြစ်သည့် အစိုးရသစ်သည် “စိုက်ပျိုးရေးကို ပိုမို ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး၊ ခေတ်မီစက်မှုနိုင်ငံ တည်ထောင်ရေးနှင့် အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟု ပြောင်းလဲခဲ့ သည်။ ယင်းဦးတည်ချက်နှင့်အညီ  စိုက်ပျိုးရေး အဓိက နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံတွင်၊ နိုင်ငံနှင့်အ၀ှမ်း သီလ၀ါ (ကျောက်တန်း အထူးစီးပွားရေးဇုန်)၊ မြ၀တီ အထူးစီးပွားရေးဇုန်၊ ရတနာပုံ (ရတနာပုံ City)၊ ဘားအံ စက်မှုဇုန်၊ မော်လမြိုင် စက်မှုဇုန်၊ ကျောက်ဖြူ စက်မှုဇုန်၊ ထားဝယ် အထူးစီးပွားရေး စက်မှုဇုန်များကို အကောင်အထည် ဖော်လျက်ရှိသည်။

ဤတွင် စဉ်းစားစရာရှိသည် ဖွံ့ဖြိုး တိုးတက်မှုကို မည်သည့်အရာများဖြင့် တိုင်းဖြတ်ပါသနည်း။ စက်ရုံများဖြင့် လော။

အစိုးရများနှင့် လူအများစုသည် ဖွံ့ဖြိုးတိုးတက်မှုကို ပြောသည့်အခါ လူနေမှု အဆင့်အတန်းဟူသည့် စကားရပ် ကို အမြဲပင် ထည့်သွင်းပြောလေ့ရှိပါသည်။ သို့သော် အားလုံးမေ့ထားကြသည်မှာ ဘ၀လုံခြုံအေးချမ်းမှုပင် ဖြစ်သည်။

လူနေမှု အဆင့်အတန်းသည် လူတစ်ယောက်၏ နေမှု၊ ထိုင်မှု၊ စားသောက်မှု အဆင့်အတန်းများကိုသာ ရည်ညွှန်းသည် ဖြစ်၍ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာဘ၀ကို အဓိက ဦးတည်ပေသည်။

ဘ၀လုံခြုံအေးချမ်းမှုဟူသည် လူတစ်ယောက်၏ ဘ၀ရှင်သန်မှုတွင် အေးငြိမ်းတည်ငြိမ်စွာ နေနိုင်ရန်၊ အရာရာ လုံခြုံသည့် လူမှုဝန်းကျင်ဖြစ်ရန်တို့အား အဓိက ဦးတည်ပေသည်။

လူနေမှုအဆင့်အတန်း မည်မျှပင် မြင့်မားစေကာမှု ဘ၀လုံခြုံအေးချမ်းမှု မရှိလျှင် လူတို့သည် ငြိမ်းချမ်းလုံခြုံစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။

လူနေမှု အဆင့်မြင့်သည်ဟု ပြောကြ သည့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်သည် ယခု ပင်လယ်ရေမြင့်တက်မှုကြောင့် ရက်ရှည် ရေကြီးမှုကို ရင်ဆိုင်ရသည့်အခါ ဘ၀လုံခြုံအေးချမ်းမှု မရှိသည့် နေရာအဖြစ် သတ်မှတ်ရပေမည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် မတ်တာပေါ့ စက်မှုဇုန်ဒေသရှိ ရာယောင်းဒေသခံ ပြည်သူများသည်လည်း ကင်ဆာဖြစ်နှုန်း မြင့်မားခြင်း၊ ရေထုညစ်ညမ်းခြင်း၊ လေထု ညစ်ညမ်းခြင်း၊ လက်ငုတ်လက်ရင်း သက်မွေး ၀မ်းကြောင်းမှုလုပ်ငန်းများကို မလုပ်ကိုင် နိုင်တော့ခြင်းကြောင့် ၎င်းတို့၏ ဘ၀ လုံခြုံမှုကို ခြိမ်းခြောက်နေပြီ ဖြစ်သည်။

လူတစ်ဦးချင်းစီ၏ဘ၀တွင် အရေးကြီး ဆုံးသုံးခုဖြစ်သည့် စား၊ ၀တ်၊ နေ ရေး တွင် ၀တ်ရေးနှင့် နေရေးအတွက်သာ အဓိကဖြစ်သည့် အထူးစီးပွားရေးဇုန် စီမံကိန်းများသည် အနာဂတ်လူအဖွဲ့အစည်း ၏ အစားအစာ လုံခြုံမှုကို ခြိမ်းခြောက်လာလျက် ရှိသည်။

အထူးစီးပွားရေး စက်မှုဇုန်များ အတွက် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ် ခြံမြေများကို စတေးရသည်။

ရေအားလျှပ်စစ် စီမံကိန်းများ အတွက် မြစ်ချောင်း အင်းအိုင်များကို စတေးရသည်။ ၎င်း မြစ်ချောင်းများနှင့် ဆက်စပ်နေသည့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုး ရေးလုပ်ငန်း၊ အဖိုးတန် သစ်တောများ၊ လူနေအိမ်များနှင့် အခြားယဉ်ကျေးမှု တန်ဖိုးများစွာကို ရေအောက်တွင် မြှုပ်နှံကြရသည်။

လူတို့သည့် ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ကြသည်ပင် ဖြစ်သည်။ မည်သူမျှ ကျောက်ခေတ်သို့ ပြန်မသွားချင်ကြပေ။ သို့သော် လူတို့ အဓိက အကဲဖြတ်သော လူနေမှု အဆင့်အတန်းကိုသာ အခြေတည်စဉ်းစား သည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ သည် လူတို့၏ ဘ၀လုံခြုံမှုကို စတင်ခြိမ်း ခြောက်နေပြီ ဖြစ်သည်။

ဒီမိုကရေစီစနစ်ဖြင့် သွားနေသည့် အစိုးရများသည်လည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘောထားကို ရွေးကောက်ပွဲများ ကျင်းပသည့်အခါတွင်သာ လက်ခံ ယူသည်မဟုတ်ဘဲ  နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းနိုင်သည်ဟု ဆိုသည့် မဟာ ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မဆောင် ရွက်ခင်၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေ များတွင်လည်း ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ သဘောထား၊ ပြည်သူတို့ ၏ ပူးပေါင်းပါဝင်မှုကို ထည့်သွင်းစဉ်းစား သင့်ပေသည်။

ရန်ကုန်နေလူထု၏ အမြင်တွင် သစ်တောသည် စိမ်းလန်းသည့် တောအုပ် တစ်ခုသာ ဖြစ်သော်လည်း၊ အဆိုပါ သစ်တောအနီးတွင် တည်မှီထိုင်သည့် ဒေသခံပြည်သူများအတွက်မှာ ယင်း သစ်တောသည် စီးတီးမတ် (City Mart) ဖြစ်သလို၊ သိမ်ကြီးဈေးလည်း ဖြစ်သည်။ ကမ်းနားဈေးဖြစ်သလို၊ ညဈေးလည်း ဖြစ်သည်။

မူဝါဒ ချမှတ်သူများအနေဖြင့် လူနေမှု အဆင့်အတန်း တစ်ခုတည်းကိုသာ ထည့် သွင်းစဉ်းစားပြီး၊ ဘ၀ လုံခြုံအေးချမ်းကို ထည့်သွင်း မစဉ်းစားလျှင်၊ တစ်နည်းဆိုရ သော် သစ်တောကို သစ်တော ဟုသာမြင် ပြီး စီးတီးမတ်အဖြစ်၊ သိမ်ကြီးဈေးအဖြစ်၊ ကမ်းနားဈေးအဖြစ် မမြင်နိုင်လျှင် စေတနာ ဖြင့် ပြုလုပ်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများ သည် ဒေသခံ ပြည်သူများ၏ ဘ၀မလုံခြုံ မှုနှင့် နာကျင်ဖွယ် ဇာတ်လမ်းများကို ဖြစ်စေမည်သာ ဖြစ်သည်။

မော်တော်ကားစက်ရုံများမှ နွား မမွေးနိုင်၊ သံမဏိစက်ရုံများမှ စပါးမထွက်၊ ရေနံဓာတု စက်ရုံများမှ သောက်ရေသန့် မထွက်၊ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံက လေပြည်သန့်သန့်မထွက် သကဲ့သို့ ယနေ့ လူအဖွဲ့အစည်း၏ သည်းသည်းလှုပ် လိုအင်ဖြစ်သည့် လျှပ်စစ်ဓာတ်အားသည် လည်း ထမင်းနှင့် နယ်ဖတ်စားသောက်၍ ရသည့် ဟင်းပွဲမဟုတ်သည်ကို လူတိုင်း သိပေသည်။

ယင်းသို့ဆိုလျှင် စပါးခင်းများ၊ လယ်ယာ၊ ကိုင်းကျွန်းများ၊ သစ်တောများ၊ ဥယျာဉ်များ၊ သီးနှံ စိုက်ခင်းများနှင့် ဖယ်ရှားပြီးလုပ်ရလေ့ရှိသည့် စက်မှုဇုန် စီမံကိန်းများကို လက်လွတ်စပယ် လွယ်လွယ်နှင့် လွဲလွဲ မပြုလုပ်သင့်သည် ကို သတိထားရပေမည်။

လူဘ၀ဟူသည် ရွက်ဖျင်တဲမဟုတ် သည်ကို လေးလေးနက်နက်  နားလည်ပါ လျှင် မူဝါဒအကောင်အထည် ဖော်သူများ အနေဖြင့် ကျေးရွာများမှ ရွှေ့ပြောင်း နေရာချထားမှုကို ထမင်းစားရေသောက် သဖွယ် ပြောမည်မဟုတ်ဟု နားလည်မိပါ သည်။

ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် ဒုက္ခရောက်နေကြရသည့် ဒေသခံပြည်သူများကို တွေ့တိုင်း၊ ယင်းတို့၏ ဘ၀ကို လေ့လာမိတိုင်း မူဝါဒ ချမှတ်သူများ၊ မူဝါဒအကောင်အထည်ဖော်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအား ယင်းတို့၏ စီမံကိန်း အနီးတွင် ရှိသည့် ပြည်သူများ၏ ဘ၀ကို သိနားလည်ရန် တစ်လလောက် လာရောက်နေထိုင်စေချင်သည့် ဆန္ဒမှာအမြဲ ။

ဆာလဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့ များဖြင့်သာ ပြည့်နေသည့် လေထုကို နေ့စဉ်နှင့်အမျှ ရှူရှိုက်နေရသည့် ကျောက်မီး သွေး ဓာတ်အားပေး စက်ရုံအနီးမှ ဒေသခံများ၏ လေပြည်သန့်သန့် တစ်ရှိုက်စာ၊ မိုင်းလုပ်ငန်းများကြောင့် နီရဲနေသည့် မြစ်များ တစ်လျှောက်ရှိ ဒေသခံများ၏ သောက်ရေ သန့်သန့် တစ်ခွက်၊ ရေအားလျှပ်စစ်စီမံကိန်းများ အတွက် တည်ဆောက်သည့် ရေကာတာ များ၏ အောက်ဘက်တွင် နေထိုင်သည့် ဒေသခံပြည်သူများရဲ့ ဘယ်အချိန် ပြိုကျ မည်မှန်းမသိ၊ ဘယ်အချိန် ရေဖောက်ချ မည်ကိုမသိ စိုးထိတ်နေရမှု၊ ဓာတုအဆိပ် သင့် လာသည့် မြစ်ချောင်း ပင်လယ်ထဲ ငါးရှာထွက်နေရသည့် ရေလုပ်သားများ ရဲ့ ၀မ်းတစ်ထွာ၊ တောင်ပေါ်ကို ခြင်းတောင်းလေးတစ်လုံးဖြင့် တက်သွား ပြီး သီးရွက် အစုံအလင် ပြန်ဆင်းလာသူ တစ်ယောက်အတွက် တောင်၏ အရေးပါမှု စသဖြင့် အဝေးမှ လှမ်းကြည့်ရုံဖြင့် နား လည်ပေးရန် ခက်ခဲသော ဘ၀များကိုသာ နားလည်ပါလျှင်ဟု စိတ်ကူးယဉ်ကြည့် မိပါသည်။

ဖွံ့ဖြိုးတိုးတက်မှုဟူသည် ငွေစက္ကူ မဟုတ်သလို၊ ဂျီဒီပီ ( စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး ( Gross Domestic Product-GDP)) လည်း မဟုတ်ပေ။ ဖွံ့ဖြိုးတိုးတက်မှုသည် မော်တော်ကား မဟုတ်သလို၊ ကလေးမွေးဖွားခြင်းမှအပ အားလုံးကို စွမ်းဆောင် ဖြည့်ဆည်းပေး နိုင်သည့် ချစ်သူစက်ရုပ်များလည်း မဟုတ်ပေ ။

သို့သော် ထိုအရာများ အားလုံး တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်ပတ်သက် နေပေသည်။

ယခုလက်ရှိ အခြေအနေတွင် ကမ္ဘာနှင့်အ၀ှမ်း ရုပ်တရားများသာ လွှမ်းမိုးပြီး၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်း ရာတွင်လည်း လူနေမှုအဆင့်အတန်းကိုသာ အဓိကထား စဉ်းစားကြပေသည်။

ယင်းသည် လေမသန့်ခြင်း၊ ရေ မသန့်ခြင်း၊ မြေမသန့်ခြင်း၊ အစာ မသန့်ခြင်း၊ အစာပြတ်ခြင်း စသည့် ဘ၀ လုံခြုံအေးချမ်းမှု ဆိုင်ရာ အဓိက လိုအပ် ချက်များကို ခြိမ်းခြောက်လာပြီဖြစ်သည်။

မှဲ့တစ်ပေါက်တောင်မစွန်းသည့် လမ်းမပေါ်ရှိ နောက်ဆုံးပေါ်ကားပေါ် ထိုင်လျက်၊ ဟီးထနေသည့် တိုက်များ၏ ၀ရန်တာတွင်ရပ်ကာ ဖောင်းကားနေသာ ပိုက်ဆံအိတ်ကို ကိုင်လျက်၊ တစ်မျှော် တစ်ခေါ် မဟာစက်မှုဇုန်များကိုငေးကာ အောက်ဆီဂျင် ခေါင်းပါးသည့်လေကိုရှူရင်း အသက်ရှူ မ၀ဖြစ်လျက် ယင်းကဲ့သို့ မြင့်မားသည့် လူနေမှုအတန်းတွင် နေထိုင်လျက် တစ်ကမ္ဘာလုံးတွင် ၀ယ်စရာ ဆန်မရှိသည့် အခါ၊ သောက်ရေသန့်သန့် တစ်ငုံစာ မရသည့်အခါမှ ဖွံ့ဖြိုးတိုးတက်မှု ဟူသည့် စကားရပ်ကို ပြန်လည် သုံးသပ် မည်ဆို လျှင် အတန်ပင်နောက်ကျနေပြီ ဖြစ်သည်။

အဖိုးအဖွားများအား ကန်တော့ သည့်အခါတိုင်း အငတ်ဘေး၊ ရောဂါဘယ ဘေး၊ တုတ်ဓားလက်နက်တို့ဖြင့် သေကြေ ပျက်စီးစေသော ဘေးများဖြစ်သည့် ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ပါစေဟု ဆုပေးလေ့ရှိသည်။

ယင်းကပ်ကြီးသုံးပါးကိုဖြစ်စေ သည်မှာ လူတို့လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆို ကြသည့် ဖွံ့ဖြိုးတိုးတက်မှု ပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုသည့် ကပ်ဆိုးမဖြစ် သင့်ပါ။ ကပ်ဆိုးဖြစ်လာခဲ့ပါလျှင် အားလုံးတွင် တာဝန်ရှိသကဲ့သို့၊ အားလုံး ထိခိုက်နာကျင်ရမည်သာ ဖြစ်သည်။

Living Color Magazine, March 2012

ဟန်ထက်