ထားဝယ်ခရိုင်လျှပ်စစ် ဘယ်အခြေအနေဆိုက်နေသလဲ

0
1141

တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အတူ GGS ကုမ္ပဏီတာဝန်ရှိသူများ ဖမ်းဆီးခံရ ပြီးနောက် ထားဝယ်ခရိုင် လျှပ်စစ်ပြဿနာကို ကိုင်တွယ်ရန် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီကို မတ်လနှောင်း ပိုင်းက စတင်ဖွဲ့စည်းလိုက်သည်။

တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အဆိုပါ ကော်မတီတွင် ကော်မတီအဖွဲ့ဝင် ၃၄ ဦး ပါဝင်ပြီး ထားဝယ် ခရိုင်လျှပ်စစ် ကိစ္စကို အဓိကထား ကိုင်တွယ်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိ ထားဝယ်ခရိုင်လျှပ်စစ်အခြေ အနေမှာ ဆုံးဖြတ်ရခက်သည့် အကျဉ်း အကျပ်အတွင်း ကျရောက်နေသည်ဟု အဆိုပါကော်မတီဥက္ကဋ္ဌဖြစ်သူ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

တစ်ယူနစ်ဈေးနှုန်းတက်လာမည်လော

ထားဝယ်ခရိုင်ကို လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး နေသည့် GGS ကုမ္ပဏီက အရှုံးပေါ်နေသည်ဟု ဆိုကာ မီတာခ တိုးမြှင့် ကောက်ခံခွင့်ပြုရန် အထက်ပါ ကော်မတီကို အဆိုပြုလာကြောင်း ကော်မတီဥက္ကဋ္ဌ ဖြစ်သည့် တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

လျှပ်စစ်ဈေးနှုန်းတိုးကောက်ခံရန်အတွက် လက်ရှိအချိန်ထိ သုံးကြိမ်တိုင်တိုင်အဆိုပြုထားသည်ဟု ဦးအောင်သူရက ပြောသည်။

ပထမအကြိမ်တွင် လျှပ်စစ်ထုတ်မည့် ဂက်စ်ကို အစိုးရဈေးနှုန်းဖြင့် ၀ယ်ယူခွင့်ရမည်ဆိုပါက လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်မှု စရိတ် ကျပ်၂၈၀ ကောက်ခံမည်ဟု အဆိုပြုထားကြောင်း ၀န်ကြီးက ပြောသည်။ ဖြန့်ဖြူးရေးစရိတ် တစ်ယူနစ်လျှင် ကျပ် ၇၀ ထည့်ပေါင်းမည်ဆိုပါက တစ်ယူနစ် ၃၅၀ ကျပ် ကျသင့်မည်ဖြစ်သည်။

ကော်မတီသို့ နောက်ဆုံးအဆိုပြုသည့် နှုန်းထား မှာ ၃၃၀ ကျပ် ဖြစ်သည်။ ယင်းအဆိုပြုဈေးနှုန်းတွင် ဖြန့်ဖြူးစရိတ် ၇၀ ကျပ် ထည့်ပေါင်းမည်ဆိုပါက လျှပ်စစ်တစ်ယူနစ်လျှင် ၄၀၀ ကျပ် ကျသင့်မည်ဖြစ် သည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီက ဂက်စ်ကို ပုဂ္ဂလိက နှုန်းထားဖြင့် ၀ယ်ယူနေရသည်ဟု အထက်ပါ ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်က ပြောဆို ထားပြီး ထုတ်လုပ်မှုစရိတ်ကို ၁၃၀ ကျပ်၊ ဖြန့်ဖြူး ရေးစရိတ် ၇၀ ကျပ် ဖြင့် တစ်ယူနစ်လျှင် စုစုပေါင်း ၂၀၀ ကျပ် ကောက်ခံနေသည်။

လျှပ်စစ်ဈေးနှုန်းတိုးမြင့်ကောက်ခံရန် GGS ကုမ္ပဏီ၏ အဆိုပြုမှုအပေါ် သင့်တင့်မျှတသည့် နှုန်းထားတစ်ခုဖြစ်စေရန် ကော်မတီအစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်သူရ က ဆိုသည်။

“သူ(GGS)က အဆိုပြုထားတဲ့ဈေးကို ပေးမယ်လို့ မဆုံးဖြတ်ရသေးဘူး။ သင့်တင့်မျှတတဲ့ ဈေးမဖြစ်ရင်လည်း ကျွန်တော်တို့က ပေးမှာမဟုတ်ဘူး”ဟု ဦးအောင်သူရက ပြောသည်။

လျှပ်စစ်တစ်ယူနစ်အတွက် သင့်တင့်မျှတသည့် ဈေးနှုန်းဟု ပြောဆိုခဲ့သော်လည်း ငွေကြေးပမာဏကို ကော်မတီဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။

လက်ရှိလုပ်ကိုင်နေသည့် GGSကုမ္ပဏီက ဆက်လုပ်သည်ဖြစ်စေ၊ တင်ဒါခေါ်ပြီး ကုမ္ပဏီအသစ် ကို လုပ်ခွင့်ပြုသည်ဖြစ်စေ လျှပ်စစ်တစ်ယူနစ် ဈေးနှုန်းမှာ လက်ရှိနှုန်းထားထက် တိုးမြင့်လာနိုင်ကြောင်း ကော်မတီဝင်တစ်ဦးဖြစ်သည့် လောင်းလုံး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဆိုသည်။

“လက်ရှိအခြေအနေ အရပ်ရပ်ကို သုံးသပ်ရရင်တော့ ဈေးနှုန်းကတော့ အနည်းနဲ့အများတော့ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် တက်တော့တက်လာနိုင်မယ့် အနေအထားရှိတယ်လို့ သုံးသပ်ပါတယ်”ဟု ဦးကျော်သူက ပြောသည်။

ကုမ္ပဏီဘက်က အရှုံးပေါ်နေသည်ဟုဆိုကာ တစ်ယူနစ်ဈေးနှုန်းကို အဆမတန် အဆိုပြုလာခြင်း မှာလည်း မဖြစ်သင့်ကြောင်း ကော်မတီဝင်အချို့က ထောက်ပြသည်။

ကုမ္ပဏီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် ဆုံးရှုံးယူနစ်များနေခြင်း၊ စက်ငှားရမ်းခဈေးကြီးခြင်း အစရှိသည့် အကြောင်းများကို ထည့်သွင်းတွက်ချက် နေခြင်းမှာ မဖြစ်သင့်ကြောင်း အထက်ပါကော်မတီ ၀င် ဦးကျော်ကျော်ဦးက ဆိုသည်။

“စီမံခန့်ခွဲမှုအားကလည်း ကောင်းမယ်၊ ဆုံးရူံးလေလွင့်မှုကလည်း နည်းမယ်ဆိုရင် ဈေးက ဒီထက်နည်းမှာပေါ့”ဟု ဦးကျော်ကျော်ဦးက ပြော သည်။

လက်ရှိတွင် လျှပ်စစ်ဈေးနှုန်းတိုးမြှင့်လိုကြောင်း အဆိုပြုလာခြင်းအပေါ် သေချာစွာ စိစစ်နိုင်ရန် ကုမ္ပဏီထံမှ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း နှင့် ပတ်သက်သည့် အချက်အလက်များကိုတောင်း ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး(ကော်မတီဝင်)က ဆိုသည်။

 “ဈေးနှုန်းတိုးချင်ရင်လည်းပဲ အကျိုးအကြောင်း ခိုင်လုံစွာ အချက်အလက်တွေ ပေးမှ၊ ယုတ်္တိတန်အောင် ပေးမှ၊ ယုတ်္တိတန်ဖို့ လိုတယ်”ဟု ဦးကြည်စိုးက ပြောသည်။

လျှပ်စစ်ယူနစ်ဈေး တိုးလာနိုင်သည့်အပေါ် မီးသုံးသူပြည်သူများကို ပွင့်လင်းစွာ ချပြပြောဆိုသင့် ကြောင်း ထားဝယ်မြို့တွင် ကွန်ပြူတာမိတ္တူဆိုင် ဖွင့်ထားသူ ဒေါ်စုစုရှိန်က ဆိုသည်။

“ပြည်သူတွေကို ချပြတာ မရှိဘူးဆိုတော့ တိုးလိုက်ရင် အသံတွေ ညံလာမယ် ထင်တယ်။ လက်ခံသူ နည်းလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တော်ခန်းမတွင် ပြည်သူများကို ဖိတ်ခေါ်ပြီး လျှပ်စစ်နှင့် ပတ်သက်သည့် လက်ရှိ အခြေအနေကို ရှင်းပြရန်ရှိကြောင်း တိုင်းဒေသကြီး ၀န်ကြီး ဦးအောင်သူရက ဆိုသည်။

 လျှပ်စစ်ထုတ်လုပ်ရေး အလားအလာ

ကော်မတီအစည်းအဝေးကို ယခုလမကုန်မီ ကျင်းပမည်ဖြစ်ပြီး ကုမ္ပဏီက အဆိုပြုသည့် လျှပ်စစ် တစ်ယူနစ်နှုန်းထားကို ညှိနှိုင်းမှု အဆင်မပြေပါက ထုတ်လုပ်မှုအတွက် တင်ဒါပြန်ခေါ်ရန် စဉ်းစားရ တော့မည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။

လတ်တလောအခြေအနေတွင်လည်း GGS ကုမ္ပဏီသည် တိုင်းအစိုးရနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖောက်ဖျက်နေသည့် အတွက် လျှပ်စစ် ထုတ်လုပ်ခွင့်ကို တိုင်းအစိုးရဘက်က ရပ်စဲနိုင် ကြောင်း ၎င်းက ပြောသည်။

သို့သော် စာချုပ်ရပ်စဲလိုက်မည်ဆိုပါက တင်ဒါပြန်ခေါ်ရန် ကြေညာခြင်း၊ တင်ဒါအောင် ကုမ္ပဏီက လုပ်ငန်းလည်ပတ်ရန် ပြင်ဆင်ခြင်း လုပ်ငန်းများအတွက် အချိန်အနည်းဆုံး ၄ လ မှ ၆ လအထိ ကြာမြင့်နိုင်ကြောင်း ဦးအောင်သူရက ဆိုသည်။

ယင်းသို့ ကြားကာလတွင် လျှပ်စစ်ဌာန၌ရှိ သည့် ဒီဇယ်မီးစက်များဖြင့် အစားထိုးရမည် ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အလှည့်ကျမီးပေးရမည့် အခြေအနေရောက်သွားနိုင်သည်ဟု ၎င်းက ဆိုသည်။ ဈေးနှုန်းကိုလည်း ဒီဇယ်ဈေးနှုန်းအတိုင်း ကောက်ခံရ မည်ဟု ဆိုသည်။

“ကျွန်တော်တို့ သူ့ကို(GGS) စာချုပ်ကို ဖျက်သိမ်းလိုက်တာနဲ့ မီးကတော့ ပြတ်သွားမှာပဲ၊ ဒါက ကျွန်တော်တို့အတွက် အကျပ်အတည်းပဲ၊ ဒါက ပကတိအခြေအနေ”ဟု ၎င်းက ပြောသည်။

ယင်းအခြေအနေအရပ်ရပ်ကို မီးသုံးစွဲသည့် ပြည်သူများ လက်ခံရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်လျှပ်စစ်အခြေအနေနှင့်ပတ်သက် ၍ တိုင်းအစိုးရအနေဖြင့် ပြတ်ပြတ်သားသားကိုင် တွယ်သင့်ကြောင်း တိုင်းလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

“ရပ်နားသင့်ရင်လည်း ရပ်နားလိုက်ပေါ့ဗျာ၊ ရပ်နားတဲ့အခါမှာ  ဖြစ်လာမယ့်ကိစ္စကို ရင်ဆိုင်နိုင် အောင်တော့ စနစ်တကျ စီမံဖို့ လိုမယ်ပေါ့။ တိုင်းအစိုးရအဖွဲ့က ၀င်ပြီးတော့ မဖြစ်မနေ တာဝန်ယူ ပေးသင့်တယ်လို့ ယူဆတယ်”ဟု ဦးကြည်စိုးက ပြောသည်။

လက်ရှိတွင် မီးအားမမှန်သည့်အပြင် ၀န်ဆောင်မှုလည်း မကောင်းသည့် ကုမ်္ပဏီကို လျှပ်စစ်မီတာခ ဈေးနှုန်းတိုးမြှင့် ကောက်ခံခွင့်ပြုမည့်အစား လျှပ်စစ်ထုတ်လုပ်ရေးတင်ဒါ ပြန်ခေါ်သင့်ကြောင်း ထားဝယ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ရှိလည်း တရားရင်ဆိုင်နေရပြီး အကြွေးကျန် တဲ့ ကုမ္ပဏီထက်စာရင် နောက်ကြောင်းကောင်းတဲ့ ကုမ္ပဏီကိုပဲ လုပ်စေချင်တယ်”ဟု အဆိုပါ ဟိုတယ် လုပ်ငန်းရှင်က ပြောသည်။

တိုင်းအစိုးရအနေဖြင့် လျှပ်စစ် ထုတ်လုပ်ရေး တင်ဒါကို ပြန်ခေါ်သင့်ပြီး တင်ဒါအောင်သည့် ကုမ္ပဏီက လျှပ်စစ် ထုတ်ရန် ပြင်ဆင်ပြီးသည့် အချိန်ထိ GGS ကုမ္ပဏီ ဆက်လုပ်နေစေရန် စီမံသင့်ကြောင်း လျှပ်စစ်မီးသုံး စွဲသူ တစ်ဦးဖြစ်သည့် ထားဝယ်မြို့ သင်္ဘောဆိပ် ရပ်ကွက်နေ ဦးသန့်ဇင်အောင်က ဆိုသည်။

လျှပ်စစ်ဖြန့်ဖြူးရေးအပိုင်း

GGS ကုမ္ပဏီအနေဖြင့် လျှပ်စစ်ထုတ်လုပ်ရေးတစ်ခုတည်းအတွက်သာ စာချုပ်ချုပ်ဆိုထားပြီး ဖြန့်ဖြူးရေးအပိုင်း ကို ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က ကြိုတင်ခွင့်ပြုပေးထား သည့်အတွက် တင်ဒါပြန်ခေါ်မည်ဖြစ် ကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော်က လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ကိုင်ခွင့်ကို ယာယီခွင့်ပြု သည်ဟုဆိုကာ GGS ကုမ္ပဏီအား ၂၀၁၈ ခုနှစ် အစောပိုင်းက ခွင့်ပြုထား ခြင်းဖြစ်သည်။

ထုတ်လုပ်ရေးအပိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ကုမ္ပဏီဘက်က တင်ပြလာသည့်အတွက် ဖြန့်ဖြူးရေး အပိုင်းကိုပါ ယာယီလုပ်ခွင့်ပြုထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်က ပြောဆိုခဲ့ဖူးသည်။

“ဖြန့်ဖြူးရေးကို အခုလက်ရှိ ကတော့ ကက်ဘိနက်(အစိုးရအဖွဲ့အစည်းအဝေး)တင်မယ်။ ကက်ဘိနက်က ဒီလထဲမှာရှိတယ်၊ တင်နိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ဦးအောင်သူရက ပြောသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက် အခြေအနေ

GGS ကုမ္ပဏီမှ အမြင့်ဆုံးထုတ်လုပ် ပေးနိုင်သည့် လျှပ်စစ်ပမာဏမှာ ၁၄ မဂ္ဂါဝပ်ရှိပြီး လက်ရှိ ထားဝယ်ခရိုင်၏ လျှပ်စစ် သုံးစွဲမှုပမာဏမှာ ၁၅ မဂ္ဂါဝပ်ခန့် ဖြစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးက ဧပြီလ ၁၁ ရက် က ထုတ်ပြန်ထားသည်။

ယခင်က လိုအပ်နေသည့် လျှပ်စစ် ၁ မဂ္ဂါဝပ်ကို  ဌာနပိုင်ဒီဇယ်မီးစက်များအား  GGS ကုမ္ပဏီက စက်သုံးဆီထည့်ကာ မောင်းနှင်နေရာမှ ကုမ္ပဏီက စက်သုံးဆီစိုက်ထုတ်သုံးစွဲနိုင်ခြင်းမရှိတော့ သဖြင့် လျှပ်စစ် ၁ မဂ္ဂါဝပ်လိုအပ်လာကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကြောင့် ကိုယ်ပိုင်လုပ်ငန်းသုံး ထရန်စဖော်မာများကို အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးတော့မည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

GGS ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ချုပ်ဆိုခဲ့သည့် စာချုပ်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မည့် ပမာဏမှာ ၁၀ မဂ္ဂါဝပ်သာရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ (ယင်းစာချုပ်ကို မီဒီယာများကို ဖြန့်ဝေ စဉ်က အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မည့် ၀န်အားနေရာတွင် ကွက်လပ်ချန်ထား သည်။ စာချုပ်၏ အရေးပါသည့် အချက် အလက်နေရာ အားလုံးနီးပါးတွင် ကွက်လပ်များဖြစ်နေကြောင်း ဝေဖန်မှုများလာချိန်တွင် မီဒီယာများအား ထုတ်ပြန်သည့် စာချုပ်မှာ စာချုပ်မူကြမ်းဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးကြည်လှိုင်က တိုင်းလွှတ်တော်လျှပ်စစ်ကြားနာပွဲတွင် တွင်ပြောဆိုခဲ့ဖူးသည်။ )

ကုမ္ပဏီဘက်က အရှုံးများနေသည် ဟုဆိုပြီး စာချုပ်ပါ အချက်(၁၀ မဂ္ဂါဝပ် ထုပ်လုပ်နိုင်မှု)ကို အကျပ်ကိုင်ကာ ၁၀ မဂ္ဂါဝပ်သာ ထုတ်လုပ်တော့မည်ဟု ပြောဆိုလာကြောင်း ၎င်းက ပြောသည်။

GGSကုမ္ပဏီဘက်က ၁၀ မဂ္ဂါဝပ် သာ ထုတ်လုပ်တော့မည်ဆိုပါက ၅ မဂ္ဂါဝပ် ထပ်မံလိုအပ်နေမည်ဖြစ်သည်။ 

GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရန် ရှိသည့် ဂက်စ်ဖိုးငွေအကြွေး

တိုင်းအစိုးရနှင့် ချုပ်ဆိုထားသည့် ထုတ်လုပ်ရေးစာချုပ်တွင် ဓာတ်အား ပေးစက်များမှ အသုံးပြုသော ဂက်စ်ကို သတ်မှတ်နှုန်းထား အတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးသွင်းရမည်ဟု ဖော်ပြထားသည်။

သို့ရာတွင် GGS ကုမ္ပဏီက ဂက်စ်ဖိုး ငွေကို လက်ရှိအချိန်အထိ ပေးသွင်းခြင်း မရှိသဖြင့် အကြွေးမှာ ကျပ် ၁၀ ဘီလီယံ နီးပါးရှိနေပြီ ဖြစ်သည်။

ယင်းဂက်စ်ဖိုးငွေ အကြွေးများကို ဧပြီလ ၃၀ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ လေးကြိမ်ခွဲပြီး ပေးဆပ်ရန် GGS ကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို ပြည်ထောင်စုအစိုးရက သဘောတူထားကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။        

Dawei Watch