ရှင်တောင့်ပုံတောင်တက်အသင်းမ၀င်ဘဲ ပြေးဆွဲသူကို မြို့နယ် ယကက အမှုဖွင့်

0
1323
ဓာတ်ပုံ - ဝေယံစိုး

သရက်ချောင်းမြို့ရှိ ရှင်ကိုးရှင် စာရင်းဝင် ရှင်တောင့်ပုံစေတီ တောင်ပေါ်သို့ တောင်တက်မော်တော်ယာဉ်အသင်း မ၀င်ဘဲ ပြေးဆွဲနေသူကို မြို့နယ်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီက(ယကက) က သရက်ချောင်းမြို့မရဲစခန်းတွင် ဧပြီလ ၉ ရက်က အမှုဖွင့်လိုက်သည်။

တောင်တက်အသင်းမ၀င်ဘဲ တောင်ပေါ်သို့ ပြေးဆွဲသည့် မဇင်မာနှင့်ရောင်းရင်းများ ခရီးသွားလုပ်ငန်းပိုင်ရှင် ဦးဇော်ဝင်းစိန်ကို တနင်္သာရီတိုင်းပုဂ္ဂလိကယာဉ်များပြေးဆွဲ ရေးဥပဒေ ပုဒ်မ ၂၃(က) အရ အမှုဖွင့်ထားကြောင်း မြို့နယ် ယကက ရုံးတာဝန်ခံ ဦးထွန်းဇော်က ပြောသည်။

“မဇင်မာနှင့်ရောင်းရင်းများလုပ်ငန်း ရှင်ကို အမှုမဖွင့်ခင် ညှိနှိုင်းနေတာ အကြိမ်ကြိမ် ဖြစ်နေပြီ။ ဒီအချိန်ကတော့ တရားစွဲ (အမှုဖွင့်) ရမယ့်အအချိန် ဖြစ်နေပြီမို့လို့ တရားစွဲ (အမှုဖွင့်) လိုက်တာ”ဟု ဦးထွန်းဇော်က ပြောသည်။

တနင်္သာရီတိုင်းပုဂ္ဂလိကယာဉ်များပြေးဆွဲရေးဥပဒေတွင် မည်သူမဆို ကော်မတီ(ယကက) ၏ ခွင့်ပြုချက်မရှိဘဲ ယာဉ်လုပ်ငန်းလုပ်ကိုင်လျှင် အနည်းဆုံး ငွေဒဏ်ကျပ်တစ်သိန်းမှ တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်အထိ ချမှတ်ရမည်ဟု ပါရှိသည်။

ထို့အတူ ဦးဇော်ဝင်းစိန်ကလည်း ရှင်တောင့်ပုံ ဂေါပကအဖွဲ့ကို ပြန်အမှုဖွင့် ထားသည်။

ရှင်တောင့်ပုံဂေါပကအဖွဲ့က မဇင်မာ နှင့်ရောင်းရင်းများ ခရီးသွားလုပ်ငန်းအား တရားမ၀င်ပြေးဆွဲနေသည်ဟု ပြောဆို ကာ ယကကသို့ တိုင်ကြားခြင်းကြောင့် ယင်းဂေါပကအဖွဲ့တစ်ခုလုံးကို အသရေဖျက်မှုဖြင့် ပြန်အမှုဖွင့်ထားသည်ဟု ဦးဇော်ဝင်းစိန်က ပြောသည်။

“သူတို့ဘက်က အမှုဖွင့်တာနဲ့ပတ် သက်ပြီးတော့တော့ဘာမှ ပြောစရာမရှိ ပါဘူး။ အမှုဖွင့်ရင်လည်းရင်ဆိုင်သွားမယ်။ ငါ့ဘက်ကလည်း ဂေါပကတစ်ဖွဲ့လုံး ကို ပြန်ပြီး အမှုဖွင့်ထားတယ်”ဟု ၎င်းက ပြောသည်။

မဇင်မာနှင့်ရောင်းရင်းများခရီးသွား လုပ်ငန်းသည် မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ ချုပ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် မြန်မာ ပြည်အနှံ့ ဘုရားဖူးပို့ဆောင်ခွင့်ရှိခြင်း၊ ရှင်တောင့်ပုံ တောင်ပေါ် မည်သည့်ယာဉ် မဆို ပြေးဆွဲခွင့်ရှိခြင်းတို့ကြောင့် တောင်တက်မော်တော်ယာဉ်အသင်း မ၀င်ဘဲ ပြေးဆွဲနေခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းစိန် က ပြောဆိုထားသည်။

ဦးဇော်ဝင်းစိန်သည် ရှင်တောင့်ပုံ တောင်ပေါ်သို့ တောင်တက်အသင်းမ၀င် ဘဲပြေးဆွဲခြင်းကြောင့် ဂေါပကအဖွဲ့က ဖွဲ့စည်းပေးထားသည့် တောင်တက်မော် တော်ယာဉ်အသင်းမှာ ခရီးသည်အရနည်း နေကြောင်း တောင်တက်အသင်းဝင် မော်တော်ယာဉ်ပိုင်ရှင်များက ပြောဆိုကြသည်။

ယကက မှ ဦးဇော်ဝင်းစိန်အား ဖွင့်ထားသည့်အမှုနှင့် ဦးဇော်ဝင်းစိန်က ရှင်တောင့်ပုံဂေါပကအဖွဲ့အား ဖွင့်ထား သည့် အမှုများကို တရားရုံးသို့ တင်ပို့စွဲဆို ခြင်းမရှိသေးဘဲ စစ်ဆေးနေဆဲသာရှိသေး ကြောင်း သရက်ချောင်းမြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch