ခွင့်ပြုချက်မရရှိသေးသည့် ပုစွန်မွေးမြူရေးစီမံကိန်းများ ရပ်ဆိုင်းထားရန် အသိပေး

0
510

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ခွင့်ပြုချက်မရရှိသေးသည့် ပုစွန်မွေးမြူရေး စီမံကိန်းများ ရပ်ဆိုင်းထားရန် မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က အသိပေးထားကြောင်း ယင်းမြို့နယ်နှင့် ခရိုင်အုပ်ချုပ် ရေးမှူးများထံမှ သိရသည်။

ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကျားကြီးအော်ကျေးရွာအနီးရှိ ပုစွန်မွေးမြူရေး စီမံကိန်းလုပ်ကိုင်နေသည့် ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီအား ခွင့်ပြုချက် မရမီ လုပ်ငန်းရပ်ဆိုင်းထားရန်နှင့်  ဆက်လက်လုပ်ကိုင်နေမည်ဆိုပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ် ကြောင်း ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားထားသည်။

အကြောင်းကြားစာကို ဧပြီလ ၁၉ ရက် ရက်စွဲဖြင့် ပြည်ဖြိုးထွန်းကုမ္ပဏီထံ ပေးပို့ထားကြောင်း ယင်းစာအရ သိရ သည်။

၎င်းင်းအပြင် ကျွန်းစုမြို့နယ် မစမ်းပါး ကျေးရွာရှိ ခိုင်ဇင်ယော်ကုမ္ပဏီ ပုစွန် မွေးမြူရေးလုပ်ငန်းအား မြိတ်ခရိုင်အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဧပြီလ ၁၉ ရက်က ကွင်းဆင်းစစ်ဆေးပြီး နောက် ပုစွန်ကန်တူးဖော်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုချက်မရရှိမီ လုပ်ငန်းများ ရပ်ဆိုင်းထားရန်နှင့် ဆက်လက်ဆောင်ရွက်ပါက အရေးယူခံရမည်ဟု အသိပေးခဲ့ကြောင်း မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စစ်ဆေးတွေ့ရှိချက်များကို တနင်္သာရီ တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Dawei Watch